အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံကို လေကြောင်းမှတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်
Pika (NSS) - ဖေဖော်ဝါရီ ၁၅
လက်ဘနွန်နိုင်ငံကို လေကြောင်းမှ တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဖေဖော်ဝါရီလ(၁၄)ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။
အဆိုပါတိုက်ခိုက်မှုသည် နှစ်နိုင်ငံကြား ကြီးမားသည့် စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုများရှိလာနိုင်ခြေနှင့်ပတ်သက်ပြီး စိုးရိမ်မှုများကို ပိုမိုမြင့်တက်လာစေနိုင်ဖွယ်ရှိနေကြောင်းလည်း သိရသည်။ သို့သော်လည်း လေကြောင်းမှတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး နောက်ထပ်အသေးစိတ်အချက်အလက်များကို အစ္စရေးစစ်တပ်က ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုးမရှိကြောင်းသိရသည်။ ဖေဖော်ဝါရီလ(၁၄)ရက် အစောပိုင်းတွင် လက်ဘနွန်နိုင်ငံမှ ပစ်လွှတ် လိုက်သော ဒုံးကျည်များကြောင့် အစ္စရေးနိုင်ငံသားအနည်းဆုံး(၁)ဦးသေဆုံးခဲ့ပြီး အခြားလူ(၇)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ယခုကဲ့သို့လက်တုံ့ပြန်တိုက်ခိုက်မှုများထွက်ပေါ်လာခြင်းဖြစ်သည်။
ဖေဖော်ဝါရီလ(၁၄)ရက် အစောပိုင်းကဖြစ်ပွားခဲ့သော ဒုံးကျည်တိုက်ခိုက်မှုများအတွက် တာဝန်ရှိသည်ဆိုသည့်အချက်ကို လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့က ချက်ချင်းထုတ်ဖော်ပြောဆိုခြင်းမျိုးမရှိသေးကြောင်းလည်း သိရသည်။ အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် ပိုင်းကတည်းက အစ္စရေးစစ်တပ်နှင့်ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တို့သည် အပြန်အလှန်ပစ်ခတ်မှုများကို နေ့စဉ်နီးပါးလုပ်ဆောင်ခဲ့ကြကြောင်းသိရသည်။ အစ္စရေးနှင့်ဟားမက်လက်နက်ကိုင်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီကာ တိုက်ခိုက်မှုများရပ်တန့်သွားမှသာ လက်ဘနွန်နယ်မြေမှ ဒုံးကျည်ပစ်လွှတ်မှုများ အဆုံးသတ်သွားလိမ့်မည်ဖြစ်ကြောင်း ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ အထွေထွေအတွင်းရေးမှူး Hassan Nasrallah ကပြောကြားခဲ့သည်။
၎င်းက "အစ္စရေးအစိုးရက ထိပ်တိုက်တွေ့ဆုံမှုတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာမယ်ဆိုရင် ကျွန်တော်တို့လည်း သူတို့လုပ်တဲ့အတိုင်း ပြန် လည်လုပ်ဆောင်သွားမှာပါ"ဟု ပြောဆိုခဲ့သည်။ အစ္စရေးနှင့် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကြား ပဋိပက္ခ ပိုမိုကျယ်ပြန့်လာနိုင်ခြေနှင့်ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်များက သတိပေးမှုများရှိနေသည့်အချိန်တွင် အစ္စရေး၏လေကြောင်းမှတိုက်ခိုက်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့ပြင် ပြီးခဲ့သည့်လများအတွင်း နှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော်ပစ်ခတ်မှုများကြောင့် နှစ်ဖက်လုံးမှ လူထောင်ချီကို နယ်စပ်အနီးမှ ဘေးလွတ်ကင်းရာသို့ရွှေ့ပြောင်းပေးခဲ့ရကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်တန်းမြို့နယ်တွင် (၂)ထပ်တိုက်နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း