အီရတ်နိုင်ငံတွင် ဒုက္ခအခက်အခဲများနှင့် ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား(၃) ဦးကို နိုင်ငံတော်စရိတ်ဖြင့် ပြန်လည်ခေါ်ဆောင်
Pearl (NSS) - ဖေဖော်ဝါရီ ၁၅
အီရတ်နိုင်ငံတွင် ဒုက္ခအခက်အခဲများနှင့် ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၃)ဦးကို နိုင်ငံတော်စရိတ်ဖြင့် ပြန်လည်ခေါ်ဆောင်ပေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံသားများဖြစ်ကြသော မဟန်နီထွန်း၊ မမြတ်အေးစံ(ခ)ဝေဝေ၊ မသန်းနွယ်ဌေးတို့(၃)ဦးကို အေဂျင်စီပွဲစားများက ဒူဘိုင်းတွင် အလုပ်အကိုင်ရမည်ဟု လိမ် လည်၍ အီရတ်နိုင်ငံသို့ပို့ဆောင်ခဲ့သဖြင့် ၎င်းတို့သည် အီရတ်ရှိ အလုပ်သမား အေဂျင်စီပွဲစားများ၏ နိုင်ထက်စီးနင်း ညှင်းပန်းနှိပ်စက်မှုများကြောင့် ဒုက္ခမျိုးစုံဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန် နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ညွှန်ကြားချက်အရ ကိုင်ရိုမြို့၊ မြန်မာသံရုံးအနေဖြင့် ဘဂ္ဂဒက်မြို့ရှိ အီရတ်အာဏာပိုင်များ၊ International Organization for Migration (IOM) ရုံးနှင့် လူမှုရေးအဖွဲ့အစည်းတို့၏ ပူးပေါင်းကူညီမှုဖြင့် အေဂျင်စီပွဲစားများထံမှ ပြန်လည်ကယ်ဆယ်ခေါ်ဆောင်နိုင်ခဲ့ပြီးနောက် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
၎င်းတို့သည် အီရတ်နိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားရေးရာ ဝန်ကြီးဌာန လက်အောက်ရှိ ကယ်ဆယ်ထိန်းသိမ်း စောင့်ရှောက်ရေးစခန်းတွင် (၃)လခန့်၊ Deportation Department တွင် (၁)လကျော်ခန့် နေထိုင်ခဲ့ရကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။
ထို့နောက် အီရတ်တရားရုံးမှ ဥပဒေအရလိုအပ်သည်များ စစ်ဆေးစီရင်မှု ပြီးပြတ်သဖြင့် ၎င်းတို့(၃) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန် အပြန်လေယာဉ်လက်မှတ်များကို နိုင်ငံတော်စရိတ်ဖြင့် စီစဉ်ဝယ်ယူပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများအနေဖြင့် တိကျသေချာသော စာချုပ် စာတမ်းများဖြင့် သွားရောက်ရန်၊ မသမာသူ အေဂျင်စီ၊ ပွဲစားများ၏ လိမ်လည်မှုများကို မခံရစေရေး နှင့် မိမိတို့ သွား ရောက်မည့် နိုင်ငံများနှင့် ဆက်စပ်သည့် မြန်မာသံရုံး/ ကောင်စစ်ဝန်ချုပ်ရုံး/ အဖွဲ့ရုံးများထံ စဉ်ဆက်မပြတ် ဆက်သွယ်သတင်းပို့ရန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံရဲ့လုံခြုံရေး အန္တရာယ် ခြိမ်းခြောက်ခံရမှုတွေ ဆိုးရွားလာနေဟုဆို
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း