ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သမ္မတဟောင်းသေဆုံးဟု ချီလီအစိုးရ သတင်းထုတ်ပြန်
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၇
ချီလီသမ္မတဟောင်း ဆီဘာစတိန်းပီနီရာသည် ဖေဖော်ဝါရီလ(၆)ရက်က နိုင်ငံတောင်ပိုင်းတွင် ရဟတ်ယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားခဲ့ကြောင်း ချီလီအစိုးရက သတင်းထုတ်ပြန်လိုက်သည်။
ဆီဘာစတိန်းပီနီရာသည် ချီလီသမ္မတအဖြစ် သက်တမ်းနှစ်ကြိမ် တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး ၎င်း၏ သေဆုံးမှုအတွက် ဝမ်းနည်းမိကြောင်း လက်တင်အမေရိကနိုင်ငံများ၏ ခေါင်းဆောင်များက ပြောကြားခဲ့သည်။ ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၄ ခုနှစ်အထိ ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂၂ ခုနှစ်အထိ သမ္မတအဖြစ် တာဝန်ယူခဲ့ဖူးသော အသက်(၇၄)နှစ်အရွယ် ဆီဘာစတိန်းပီနီရာ၏ သေဆုံးမှုကို ချီလီပြည်ထဲရေးဝန်ကြီး ကာရိုလိုင်းနားတိုဟာက အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လာဂိုရန်ကိုမြို့တွင် ဖြစ်ပွားခဲ့သော ရဟတ်ယာဉ်ပျက်ကျမှုအတွင်း အခြားခရီးသည်(၃)ဦးမှာ အသက်ရှင် လွတ်မြောက်ခဲ့ပြီး သမ္မတဟောင်း Sebastian Pinera ၏ ရုပ်အလောင်းကိုလည်း ပြန်လည်ရယူပြီးပြီဖြစ်ကြောင်း ကာရိုလိုင်းနာတိုဟာက ပြောကြားခဲ့သည်။
အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သည့် ဆီဘာစတိန်းပီနီရာသည် ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၄ ခုနှစ်အထိ သမ္မတအဖြစ် တာဝန်ယူချိန်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်လက်မဲ့ကျဆင်းမှုတို့ကို အောင်မြင်စွာကြီးကြပ်နိုင်ခဲ့ပြီး ယင်းအချိန်မှာ ချီလီ၏ ကုန်သွယ်မှုမိတ်ဖက်နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင် ဖွံ့ဖြိုးတိုးတက်မှုများ သိသိသာသာကျဆင်းနေချိန်လည်းဖြစ်သည်။
ထို့နောက် ဆီဘာစတိန်းပီနီရာသည် ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂၂ ခုနှစ်အထိ သမ္မတအဖြစ် ဒုတိယသက်တမ်းကို တာဝန်ယူ ချိန်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်သည့် စွပ်စွဲမှုများကိုဖြစ်ပေါ်စေခဲ့သော မညီမျှမှုများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများပေါ်ပေါက်လာခဲ့ပြီး ဖွဲ့စည်းပုံအသစ်ရေးဆွဲရန် အစိုးရက ကတိပြုခဲ့ပြီးနောက် အဆုံးသတ်သွားခဲ့ကြောင်း သိရသည်။
သမ္မတဟောင်း ဆီဘာစတိန်းပီနီရာ၏ ပထမဆုံးသက်တမ်းအတွင်း လူစိတ်ဝင်စားမှုအများဆုံးဖြစ်ရပ်တစ်ခုမှာ ၂ဝ၁ဝ ပြည့်နှစ်က Atacama သဲကန္တာရအောက်တွင် ပိတ်မိနေသော မိုင်းလုပ်သား(၃၃)ဦးကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သည့်ဖြစ်ရပ်ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါဖြစ်ရပ်သည် ကမ္ဘာလုံးဆိုင်ရာမီဒီယာများ၏ အာရုံစိုက်မှုကို ရရှိခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် ထွက်ရှိခဲ့သော “The 33” ရုပ်ရှင်ဇာတ်ကားအတွက် အကြောင်းအရာတစ်ခုဖြစ်ခဲ့ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကာကွယ်ရေးဦးစီးချုပ် အပါအဝင် စစ်ဘက်ထိပ်တန်းအရာရှိကြီးများကို ယူကရိန်းသမ္မတ ရာထူးမှ ထုတ်ပယ်ဖွယ်ရှိနေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ