စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ်အပေါ် စွဲဆိုထားသည့်စွဲချက်များကို ပယ်ဖျက်ကာ တရားသေလွှတ်ရန် ထိုင်းတရားရုံး ဆုံးဖြတ်
Pika (NSS) - ဇန်နဝါရီ ၃ဝ
ပြီးခဲ့သည့် တစ်နှစ်ကျော်ခန့်က ဘန်ကောက်မြို့တွင် ဖမ်းဆီးခံခဲ့ရကာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများတွင် ပါဝင်မှုဖြင့် တရားစွဲဆိုခံထားရသည့် မြန်မာစီးပွားရေး လုပ်ငန်းရှင် ဦးထွန်းမင်းလတ်ကို ထိုင်းတရားရုံးက ဇန်နဝါရီလ(၃ဝ)ရက်တွင် တရားသေလွှတ်ပေးခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု အပါအဝင် အခြားဆက်စပ်သော စွဲချက်များဖြင့် တရားစွဲဆိုခံထားရသည့် အသက်(၅၄)နှစ်အရွယ် ဦးထွန်းမင်းလတ် နှင့် အခြားသံသယရှိသူ(၃)ဦးတို့၏ အမှု(၃၂)ခုနှင့်ပတ်သက်ပြီး ရဲများ စုဆောင်းထားသောသက်သေများမှာ မလုံလောက်သည့်အတွက် ထိုင်းရာဇဝတ်တရားရုံးက ယခုကဲ့သို့ တရားသေ လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ပြည်နယ်အစိုးရရှေ့နေသည် အဆိုပါစီရင်ချက်နှင့်ပတ်သက်ပြီး အယူခံဝင်နိုင်ကြောင်းလည်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့က မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ်သည် မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှု၊ ငွေကြေးခဝါချမှုတို့ကို လုပ်ဆောင်ခဲ့သည်ဟုဆိုကာ ၂ဝ၂၂ ခုနှစ် စက်တင်ဘာလတွင် ဘန်ကောက်မြို့မှာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးမှုလုပ်ဆောင်ပြီးနောက် ထိုင်းရဲတပ်ဖွဲ့သည် ဦးထွန်းမင်းလတ် ပိုင်ဆိုင်သည့် ငွေကြေး၊ ကား၊ ဇိမ်ခံ ပစ္စည်းများ၊ ဟိုတယ်၊ အပန်းဖြေကမ်းခြေများကို သိမ်းဆည်းခဲ့ပြီး အဆိုပါပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ ထိုင်းဘတ် (၁ ဒသမ ၈) ဘီလျံ ကျော်ရှိကြောင်းလည်း သိရသည်။
ဦးထွန်းမင်းလတ်သည် မြန်မာ့တပ်မတော်ကို ကူညီထောက်ပံ့ပေးနေသူဖြစ်သလို မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်း များကိုလည်း လုပ်ကိုင်နေပြီး ငွေကြေးခဝါချမှုများကိုလည်း လုပ်ဆောင်နေသူဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ဖူးသည်။
ထို့အပြင် ထိုင်းအထက်လွှတ်တော်အမတ် Upakit Pachariyangkun သည် မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှု၊ ငွေကြေးခဝါချမှုတို့တွင် ပူးပေါင်းပါဝင်မှုဖြင့် ပြီးခဲ့သည့်လတွင် စွဲချက်တင်ခံခဲ့ရပြီး ၎င်း၏ ပထမဆုံး အကြိမ်ကြားနာမှုကို မေလတွင် လုပ်ဆောင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။ အထက်လွှတ်တော်အမတ် Upakit Pachariyangkun သည် မြန်မာစီးပွားရေးလုပ်ငန်းရှင်ဦးထွန်းမင်းလတ် နှင့် ဆက်ဆံရေးများရှိသည်ဟု စွပ်စွဲခံခဲ့ရကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်တွေ-ရန်ကုန် လေယာဉ်လက်မှတ်ခဈေးနှုန်းများကြီးမြင့်နေပြီး လက်မှတ်အမြန်ရလိုသူများက စျေးအဆမတန်ပေးကာ ဝယ်ယူနေရ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ