ဖိလစ်ပိုင်စစ်တပ်နှင့် အစွန်းရောက်လက်နက်ကိုင်တပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင် (၉)ဦး သေဆုံး
Pika (NSS) - ဇန်နဝါရီ ၂၈
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် စစ်တပ် နှင့် အစွန်းရောက်လက်နက်ကိုင်တပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ ကတ်သလစ်ဘုရားကျောင်းဗုံးခွဲမှုတွင် သံသယရှိသူ(၃)ဦး အပါအဝင် အစွန်းရောက်ဝါဒီလက်နက်ကိုင်တပ်ဖွဲ့ဝင် (၉)ဦး သေဆုံးခဲ့ကြောင်း စစ်တပ်က ဇန်နဝါရီလ(၂၇)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Piagapo မြူနီစီပယ်အနီးရှိ တောင်တန်းတစ်ခုတွင် ပုန်းအောင်းနေသော Dawlah Islamiyah အဖွဲ့ဝင်ဟု သံသယရှိသူ(၁၅)ဦး နှင့် စစ်တပ်ကြား တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင် စစ်တပ် တပ်ဖွဲ့မှူးက ပြောကြားခဲ့သည်။
တိုက်ပွဲအတွင်း လက်နက်ကိုင်တပ်ဖွဲ့ဝင်(၉)ဦး သေဆုံးခဲ့ကာ အခြားလက်နက်ကိုင်တပ်ဖွဲ့ဝင်(၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၎င်းတို့အနက်မှ(၂)ဦးမှာ စိုးရိမ်ရသည့်အခြေအနေဖြင့် ဆေးရုံသို့ပို့ဆောင်ထားကြောင်း ဗိုလ်မှူးချုပ် Yegor Rey Barroquillo က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လက နိုင်ငံတောင်ပိုင်း Marawi မြို့ရှိ ကတ်သလစ်ဘုရားကျောင်း ဗုံးခွဲမှုတွင် ပါဝင်သည်ဟု ယူဆထား သော သံသယရှိသူ(၆)ဦးအနက် (၃)ဦးမှာ ဇန်နဝါရီလ(၂၅)ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ ကြောင်း ၎င်းက ပြောကြားခဲ့သည်။
၎င်းက "သေဆုံးတဲ့လူ(၉)ဦးအနက် (၃)ဦးဟာ ကတ်သလစ်ဘုရားကျောင်းဗုံးခွဲမှုမှာ ပါဝင်ခဲ့တယ်လို့ သံသယရှိသူ တွေဖြစ်ပါတယ်" ဟု ပြောခဲ့သည်။ ထို့အပြင် ဗုံးခွဲမှုတွင် ပါဝင်သည်ဟု သံသယရှိသူ အခြားလူ(၃)ဦးမှာ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် ဆယ်စုနှစ်ကျော်ကြာ ဖြစ်ပွားနေသော မငြိမ်မသက်မှုများအတွင်း စစ်သွေးကြွအဖွဲ့များသည် ဘတ်စ်ကားများ၊ ကတ်သလစ်ဘုရား ကျောင်းများ နှင့် ဈေးများကို တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဖိလစ်ပိုင်အစိုးရသည် နိုင်ငံအတွင်း အကြီးဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော Moro Islamic Liberation Front နှင့် ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို ၂ဝ၁၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး လက်နက်ကိုင်ပုန်ကန်မှုများကို အဆုံးသတ်ခဲ့ကြောင်း သိရသည်။ သို့သော်လည်း ISIS အကြမ်းဖက်အဖွဲ့နှင့်ဆက်နွယ်သော စစ်သွေးကြွများ အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့အုပ်စုငယ်အချို့က အဆိုပါငြိမ်းချမ်းရေးသဘောတူစာချုပ်ကို ဆန့်ကျင်လျက်ရှိကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နှင့်တရုတ်တို့ကြား တွေ့ဆုံဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံက မည်သည့်အခန်းကဏ္ဍကမှ ပါဝင်မည်မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူပြော
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း