ဆီဆိုင်မြို့တွင် တိုက်ပွဲဆက်ဖြစ်နေသည့်အတွက် ရှုံးခြင်း၊ နိုင်ခြင်း ဆိုသောအဖြေ မထွက်သေးကြောင်း PNO ပြော
မြူနစ် (NSS) - ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဆက်ဖြစ်နေသည့်အတွက် ရှုံးခြင်း၊ နိုင်ခြင်း ဆိုသောအဖြေ မထွက်သေးကြောင်း PNO မှ ဒုဗိုလ်မှူးကြီးခွန်ထွန်းရွှေက NP News ကို ပြောသည်။
ဆီဆိုင်မြို့နယ်အတွင်း ဖြစ်ပွားနေသည့်တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ NP News က ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO/PNA)မှ ဒုဗိုလ်မှူးကြီးခွန်ထွန်းရွှေထံ ဆက်သွယ်မေးမြန်းရာတွင် အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)သည် ၎င်း၏မဟာမိတ်များဖြစ်သည့် KNDF၊ ရှမ်းတောင် PDF တို့နှင့်အတူ ဆီဆိုင်မြို့နယ်ကို ပြီးခဲ့သော ဇန်နဝါရီ ၂၄ ရက်မှစတင်ကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“လိုင်းပေါ်မှာတော့ သူတို့ ထိန်းချုပ်တယ်လို့ ပြောတာပဲ။ ဒါပေမယ့် ထိန်းချုပ်ခြင်း၊ မချုပ်ခြင်းဆိုတာ တိုက်ပွဲဖြစ်နေ သေးတယ်ဆိုတော့ ဘယ်သူ၊ ဘယ်ဝါလို့တော့ ကျွန်တော်တို့ တပ်အပ်ပြောလို့မရဘူးပေါ့ဗျာ။ တိုက်ပွဲပြီးမှ ရှုံးခြင်း၊ နိုင်ခြင်းအဖြေက ထွက်မှာ။ အဖြေက မရှိသေးတော့ ကျွန်တော်တို့လည်း မှတ်ချက်မပေးနိုင်သေးပါဘူး” ဟု PNO/PNA မှ ဒုဗိုလ်မှူးကြီးခွန်ထွန်းရွှေက ပြောသည်။
သို့သော် PNLA အဖွဲ့သည် လက်ရှိတွင် ဆီဆိုင်မြို့ကို ဝင်ရောက်ထိန်းချုပ်ကာ ၎င်းတို့၏ အလံကို လွှင့်ထူနိုင်ခဲ့ ကြောင်း နှင့် သိမ်းဆည်းရရှိခဲ့သောလက်နက်များကိုလည်း အသိပေးထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
လက်ရှိတွင် ဆီဆိုင်မြို့နယ်အတွင်း၌ နှစ်ဖက်တပ်ဖွဲ့ဝင်များသည် အင်အားဖြည့်တင်းနေလျက်ရှိပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားရန် ဦးတည်နေလျက်ရှိကြောင်း ဒုဗိုလ်မှူးကြီးခွန်ထွန်းရွှေက ဆိုသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့၌ တိုက်ပွဲဖော်ဆောင်ခဲ့သော PNLO/PNLA အနေဖြင့် ထိပ်တိုက်ရင်ဆိုင်သည့် နည်းလမ်းကို ရှောင်ရှားကာ NCA ကို အခြေခံသော ငြိမ်းချမ်းရေးနည်းလမ်းဖြင့် ဆွေးနွေးဖြေရှင်းရန်လည်း နစက၏ NSPNC က သတိပေးတိုက်တွန်းထားသည်။
PNLO/PNLA အဖွဲ့သည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လက်ရှိ နစကအစိုးရလက်ထက်တွင် တပ်မတော်နှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သောအဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖိလစ်ပိုင်စစ်တပ်နှင့် အစွန်းရောက်လက်နက်ကိုင်တပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင် (၉)ဦး သေဆုံး
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း