ယူကရိန်းက နယ်မြေအချို့ကို စွန့်လွှတ်ရမည်ဖြစ်ကြောင်း ဆလိုဗက်ကီးယားဝန်ကြီးချုပ် ပြော
Pika (NSS) - ဇန်နဝါရီ ၂၃
ယူကရိန်းသည် ရုရှားနှင့်ဖြစ်ပွားနေသော ပဋိပက္ခကို အဆုံးသတ်ရန်အတွက် ယခင်က ၎င်း၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသော နယ်မြေအချို့ဆုံးရှုံးမှုကို လက်ခံသင့်ကြောင်း ဆလိုဗက်ကီးယားဝန်ကြီးချုပ် Robert Fico က ပြောကြားခဲ့သည်။
Robert Fico သည် ယူကရိန်းသွားရောက်မည့် ၎င်း၏ခရီးစဉ်နှင့်ပတ်သက်ပြီး RTVS သတင်းဌာန နှင့် အင်တာဗျူးတစ်ခုအတွင်း ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Robert Fico သည် ယူကရိန်းဝန်ကြီးချုပ် Denis Shmygal နှင့် တွေ့ဆုံရန်အတွက် ဇန်နဝါရီလ(၂၃)ရက်တွင် ယူကရိန်းနိုင်ငံ Uzhgorod မြို့သို့သွားရောက် လည်ပတ်ရန်စီစဉ်ထားကြောင်းလည်း သိရသည်။
ရုရှားနှင့် ယူကရိန်းကြား ဆက်လက်ဖြစ်ပွားနေသောပဋိပက္ခကို စစ်ရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ နှစ်ဖက်လုံးအတွက် အကျိုးရှိစေမည့် အပေးအယူများဖြင့် အဆုံးသတ်သင့်ကြောင်း Robert Fico က ပြောကြားခဲ့သည်။ ၎င်းက "ယူကရိန်းနိုင်ငံသားတွေက ဘာကိုစောင့်နေကြတာလဲ။ ရုရှားတွေက ဒွန်းဘက်စ်၊ လူဟန့်စ်ဒေသကနေ ထွက်ခွာသွားတာ ဒါမှမဟုတ် ခရိုင်းမီးယားကျွန်းဆွယ်ကနေ ထွက်ခွာသွားကြမယ်လို့ ထင်နေကြတာလား၊၊ အဲဒါက လုံးဝလက်တွေ့မကျပါဘူး" ဟု ပြောခဲ့သည်။
၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက် ဒွန်းနက်စ်၊ လူဟန့်စ်၊ ခါဆွန် နှင့် ဇာပိုရိုဇီဒေသတို့သည် လူထုဆန္ဒခံယူပွဲများကျင်းပကာ ရုရှားနှင့်ပေါင်းစည်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ခရိုင်းမီးယားကျွန်းဆွယ်သည် ၂ဝ၁၄ ခုနှစ်ကတည်းက ရုရှား၏ သိမ်းယူခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ၂ဝ၂၂ ခုနှစ်ကတည်းက စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ရုရှားကို ပိုမိုအားကောင်းစေရုံသာဖြစ်လာမည်ဖြစ်ကြောင်း Robert Fico က ပြောကြားခဲ့သည်။ ယူကရိန်းသည် အမေရိကန်၏ ဩဇာလွှမ်းမိုးမှု အောက်တွင်ရှိနေခြင်းကြောင့် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံတစ်နိုင်ငံ မဟုတ်ကြောင်းလည်း Robert Fico က ပြောကြားခဲ့သည်။ ယူကရိန်းနှင့်ဆက်ဆံရာတွင် အမေရိကန်၏ ဦးဆောင်မှုနောက်ကိုလိုက်ကာ ကြီးမားသောအမှားတစ်ခုကို ကျူးလွန်ခဲ့ခြင်းအတွက် ဥရောပသမဂ္ဂကို Robert Fico က ပြစ်တင်ဝေဖန်ခဲ့ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းပဋိပက္ခဖြေရှင်းရေးနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့် နှင့် အဆက်အသွယ်များ မရှိကြောင်း ရုရှားအစိုးရပြော
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ