စစ်ပွဲကို(၂၄)နာရီအတွင်း ဖြေရှင်းပေးမည့် အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်၏အစီအစဉ်က ယူကရိန်း အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားပေးနိုင်ခြေမရှိကြောင်း သမ္မတဇီလန်စကီးပြော
Pika (NSS) - ဇန်နဝါရီ ၂၁
ရုရှားနှင့်ယူကရိန်းကြား ပဋိပက္ခကို အမြန်ဆုံးဖြေရှင်းပေးမည့် အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်၏ အစီအစဉ်သည် ယူကရိန်း၏အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားပေးနိုင်ခြေမရှိခြင်းနှင့်ပတ်သက်ပြီး စိုးရိမ်မိကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ပြောဆိုခဲ့သည်။
ဒေါ်နယ်ထရမ့်က ၎င်းသည် ၂ဝ၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် သမ္မတအဖြစ် ရွေးချယ်ခံရမည်ဆိုပါက ရုရှား-ယူကရိန်းပဋိပက္ခကို (၂၄)နာရီအတွင်း ဖြေရှင်းပေးနိုင်သည်ဆိုသည့် ပြောဆိုချက်များနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုချက်များကို ဇီလန်စကီးက ပြန်လည်တုံ့ပြန်ခဲ့ကြောင်းလည်း သိရသည်။
ဇီလန်စကီး က "ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေဟာ သူပြောတဲ့အတိုင်း အပြုသဘောဆောင်တဲ့ရလဒ်တွေ ရှိလာမလားဆိုတာကိုတော့ ကျွန်တော်မသိပါဘူး။ ဒါဟာ ရွေးကောက်ပွဲကာလအတွင်းမှာ ကိုယ်စားလှယ်လောင်းတစ်ဦးက ပြောဆိုနိုင်တဲ့ နိုင်ငံရေးစကားတစ်ခုဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ဒါဟာ အခြားပုံသေနည်းတစ်ခုဖြစ်ခဲ့ရင် ကျွန်တော် သိရမှာပါ" ဟု ပြောဆိုခဲ့သည်။
အဆိုပါအစီအစဉ်နှင့်ပတ်သက်ပြီး လူကိုယ်တိုင်လာရောက် ရှင်းပြရန်အတွက် ဒေါ်နယ်ထရမ့်ကို ယူကရိန်းသို့ ဖိတ်ကြားလိုခြင်း ရှိ/မရှိ ဆိုသည့်အချက်ကို ဇီလန်စကီးက ထပ်မံတုံ့ပြန်ဖြေဆိုခဲ့ကြောင်းလည်း သိရသည်။
ဇီလန်စကီး က "ကျွန်တော် ဒေါ်နယ်ထရမ့်ကို ယူကရိန်းကိုလာရောက်လည်ပတ်ဖို့ ဖိတ်ကြားလိုပါတယ်။ ဒီပဋိပက္ခကို (၂၄)နာရီအတွင်း ဖြေရှင်းနိုင်မယ်ဆိုရင် ဘယ်နေ့မှာမဆို ဖြေရှင်းပေးနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ပြီးတော့ ဒေါ်နယ်ထရမ့်က သမ္မတရာထူးကို ရခဲ့ရင် ဒီပဋိပက္ခကိုဖြေရှင်းဖို့အတွက် နှစ်ဖက်လုံးက ဆုံးဖြတ်ချက်တွေ မရှိဘဲ သူကိုယ်တိုင် ဆုံးဖြတ်ချက်တွေ ချမှတ်သွားမှာကိုလည်း စိုးရိမ်မိပါတယ်။ ဒါက အနည်းငယ်တော့ ကြောက်ဖို့ ကောင်းပါတယ်။ ရုရှား-ယူကရိန်း ပဋိပက္ခကို (၂၄)နာရီအတွင်း ဖြေရှင်းမယ်ဆိုတဲ့ ဒေါ်နယ်ထရမ့်ရဲ့အကြံဥာဏ်က ကျွန်တော်တို့နဲ့ ပြည်သူတွေအတွက် အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့အကြံဥာဏ် ဖြစ်မြောက်ဖို့အတွက် ဘယ်အရာကိုမဆို လုပ်ပါလိမ့်မယ်။ ပြီးတော့ အဲဒါကလည်း ကျွန်တော့်ကို အနည်းငယ် စိုးရိမ်စေပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဝေဟင်မှပစ်မှတ်ကို စွမ်းအားမြင့်လေဆာလက်နက်ဖြင့် အောင်မြင်စွာစမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်း ဗြိတိန်အစိုးရ ထုတ်ပြန်ကြေညာ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း