ရုရှားကို တိုက်ခိုက်ရန်အတွက် လုံလောက်သော စစ်လက်နက်ပစ္စည်းများကို ကမ္ဘာကြီးက ထုတ်လုပ်နိုင်ခြင်းမျိုးမရှိကြောင်း ယူကရိန်းသမ္မတပြော
Pika (NSS) - ဇန်နဝါရီ ၁၉
ကမ္ဘာ့စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်းတစ်ခုလုံး၏ ပေါင်းစပ်ထုတ်လုပ်မှုများသည် ရုရှားကို ဆန့်ကျင်နေသည့် ယူကရိန်း၏တိုက်ခိုက်မှုများကို ဆက်လက်ထိန်းသိမ်းထားရန် လုံလောက်မှုမရှိကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောခဲ့သည်။
ဇီလန်စကီးသည် ဆွစ်ဇာလန်နိုင်ငံ Davos မြို့ရှိ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ယခုကဲသို့ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ယူကရိန်းတပ်ဖွဲ့များသည် ဒရုန်းများ၊ အမြောက်ကျည်များ ပြတ်လပ်မှု နှင့် ကြုံတွေ့နေရပြီး ခဲယမ်း မီးကျည်ပြတ်လပ်မှုများမှာ အချို့သောရည်မှန်းချက်ပန်းတိုင်များသို့ရောက်ရှိရန် ကြိုးပမ်းနေသော ယူကရိန်း စွမ်းဆောင်ရည်များကို အဟန့်အတားဖြစ်စေကြောင်း ဇီလန်စကီးက ပြောခဲ့သည်။
သို့သော်လည်း ယူကရိန်းစစ်တပ်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်မှာ မလွယ်ကူကြောင်း ဇီလန်စကီး က ပြောခဲ့သည်။
ဇီလန်စကီးက "(၁၅၅)မီလီမီတာ အမြောက်ကျည်ထုတ်လုပ်တဲ့ကုမ္ပဏီတွေအားလုံးရဲ့ထုတ်လုပ်မှုဟာ ယူကရိန်းမှာ ဖြစ်ပွားနေတဲ့စစ်ပွဲအတွက် လုံလောက်မှုမရှိပါဘူး။ အမြောက်ကျည်ကိစ္စလိုပဲ ရုရှားနဲ့စစ်ပွဲအတွင်းမှာ ယူကရိန်း အတွက် လုံလောက်တဲ့ထုတ်လုပ်မှုပမာဏက ဒီနေ့အထိ ကမ္ဘာကြီးမှာ မရှိသေးပါဘူး။ ၂ဝ၂၄ ခုနှစ်မှာ ထုတ်လုပ် မယ်ပြောခဲ့တဲ့ ဒရုန်းတစ်သန်းကလည်း ရုရှားနဲ့စစ်ပွဲမှာ အောင်မြင်မှုတွေရရှိဖို့အတွက် မလုံလောက်ပါဘူး" ဟု ပြောခဲ့သည်။
သို့သော်လည်း အမေရိကန် နှင့် ၎င်း၏ မိတ်ဖက်နိုင်ငံများသည် ယူကရိန်းကို ခဲယမ်းမီးကျည်များ ဆက်လက် ထောက်ပံ့ပေးရမည်ဖြစ်ကြောင်း ဇီလန်စကီးက ပြောခဲ့သည်။
ဇီလန်စကီးက "နိုင်ငံခြားစစ်လက်နက်ပစ္စည်းတွေမရှိဘူးဆိုရင် ယူကရိန်းဟာ စစ်မြေမျက်နှာပြင်မှာ အားနည်းသွား ပါလိမ့်မယ်။ ပြီးတော့ ပဲ့ထိန်းဒုံးကျည်တွေနဲ့တိုက်ခိုက်မှုတွေကိုလည်း ခုခံကာကွယ်နိုင်မှာ မဟုတ်တော့ပါဘူး။ နောက်ဆုံးရလဒ်အနေနဲ့ကတော့ ဥရောပအတွက် ကြီးမားတဲ့အကျပ်အတည်းတွေ ဖြစ်ပေါ်လာပါလိမ့်မယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Viktor Gyokeres အပြောင်းအရွှေ့အတွက် ချဲလ်ဆီးအသင်းကမ်းလှမ်းရန်ပြင်ဆင်နေသည့် ယူရို(၈၅)သန်းက မလုံလောက်ကြောင်း Sporting CP အသင်းနည်းပြပြော
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း