ကျောက်တော်မြို့နယ်ရှိ လုံခြုံရေးစခန်းအချို့ကို AA ပူးပေါင်းအဖွဲ့ထိန်းချုပ်ခဲ့ပြီး မင်းပြားမြို့နယ်တွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ
မြူနစ်/Pearl (NSS) - ဇန်နဝါရီ ၁၇
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ လုံခြုံရေးစခန်းအချို့ကို AA ပူးပေါင်းအဖွဲ့ထိန်းချုပ်ခဲ့ပြီး မင်းပြားမြို့နယ်တွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သတင်းရရှိသည်။
AA ပူးပေါင်းအဖွဲ့သည် ကျောက်တော်မြို့နယ်၊ ကန်ဇောက်တောင်ရှိ ခမရ (၅၃၉)ကို ဇန်နဝါရီလ ၁၅ ရက်တွင် အင်အားအများအပြားဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ခမရ(၅၃၉)က မနေ့က ညနေ ၃ နာရီကျော်လောက်မှာ ပါသွားတာ။ နှစ်ဖက်ညှိနှိုင်းပြီး လက်နက်ချလိုက်တယ်လို့ သိရတယ်။ ညနေ ၃ နာရီလောက်အထိ လက်နက်မချသေးပဲနဲ့ တောင့်ခံထားသေးတယ်။ ဒါပေမဲ့ လေယာဉ်ပစ်ကူတွေက လုံးဝမလာတော့ ရဲမေတွေ၊ မှီခိုသူတွေကို ငဲ့ပြီးတော့ လက်နက်ချလိုက်တယ်လို့ ကြားတယ်”ဟု ခမရ(၅၃၉)တပ်နှင့်နီးစပ်သော မိသားစုဝင်တစ်ဦးက NSS ကို ပြောသည်။
လက်ရှိတွင် AA ပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသော လုံခြုံရေးအဖွဲ့၊ မိသားစုများနှင့် အဆက်အသွယ် မရရှိသေး သည့် အတွက် စိုးရိမ်ပူပန်နေကြောင်းလည်း ၎င်းက ထပ်မံပြောသည်။
“ရဲဘော်တွေကိုတော့ လက်ကို ကြိုးတုပ်ပြီး ခေါ်သွားတယ်။ ဒါပေမဲ့ အရာရှိပိုင်းတွေကိုတော့ ဒီအတိုင်းခေါ်သွားတယ်လို့ ကြားတယ်။ မြင်လိုက်တဲ့သူတွေ ပြောတာတော့ ဝါးတောင်ဘက်ကို ခေါ်သွားတယ်ပြောတယ်။ ရဲမေတွေနဲ့ မှီခိုသူတွေကိုတော့ ပြန်လွှတ်ပေးမယ်ကြားတယ်။ ဒါပေမဲ့ စစ်သားတွေကိုတော့ အခြေအနေအတိုင်းအတာတစ်ခုအထိတော့ ကြည့်မယ်လို့လည်း ကြားတယ်။ လွှတ်ပေး၊ မပေးဆိုတာကတော့ သူတို့ကိုယ်တိုင်ပဲ သိမှာပေါ့။ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရတော့ အရမ်းစိတ်ပူတယ်”ဟု ခမရ(၅၃၉)တပ်နှင့်နီးစပ်သော မိသားစုဝင်က ဆက်လက်ပြောသည်။
ကျောက်တော်မြို့နယ်ရှိ အမြောက်တပ် (၃၇၇) နှင့် ခမရ (၅၃၉) တို့ကို AA ပူးပေါင်းအဖွဲ့က ထိန်းချုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် AA လက်နက်ကိုင်အဖွဲ့အပါအဝင် တိုင်းရင်းသားလက် နက်ကိုင်များ ပူးပေါင်းထားသောအဖွဲ့သည် ယနေ့(ဇန်နဝါရီလ ၁၇ ရက်)တွင်လည်း ကျောက်တော်မြို့နယ်ရှိ ၃၇၆ တပ်ရင်းနှင့် မင်းပြားမြို့နယ်ရှိ တပ်ရင်းများကို ဆက်လက်တိုက်ခိုက်နေ ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက ပြောသည်။
“ဒီနေ့ ကျောက်တော်မြို့နယ် ၃၇၆ တပ်ရင်းကို ဝင်စီးနေတယ်လို့ ကြားတယ်။ မနက်ပိုင်းလောက်က ဝင်စီးနေတာပေါ့။ နောက်ပြီး မင်းပြားမှာတော့ တိုက်ပွဲက အကြီးအကျယ်ကို ဖြစ်နေတာ။ မင်းပြားမြို့မှာရှိတဲ့ တပ်ရင်း (၃)ရင်းကို ဝင်တိုက်နေတာလို့ သိရတယ်။ သူတို့ဘက်က အင်အားတော်တော်များများတယ်” ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများနှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က လက်ရှိ အချိန်ထိ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိသေးပေ။
ရခိုင်လက်နက်ကိုင်အဖွဲ့ AA သည် ပြီးခဲ့သော ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်တွင် ရခိုင်ပြည်နယ်အတွင်း၌ တစ်ကျော့ပြန် တိုက်ပွဲများကို ပြန်လည်ဖော်ဆောင်ခဲ့ပြီး လက်ရှိတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ PDF များနှင့်ပူးပေါင်း တိုက်ခိုက်နေလျက်ရှိကြောင်း ဒေသခံများက အသိပေးပြောကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကင်းမြို့နယ်၌ ညီအစ်ကိုချင်း စကားများရာမှ အစ်ကိုဖြစ်သူ ဓားထိုးခံရ၍ ပွဲချင်းပြီးသေဆုံး
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ