တောင်ကိုရီးယားမင်းသားလီဆန်းကျွန်း မူးယစ်ဆေးမှုနဲ့ဖမ်းဆီးစစ်ဆေးခံရပြီးနောက် ကွယ်လွန်
ရောင်နီ (NSS) - ဒီဇင်ဘာ ၂၈
ဆုပေါင်းများစွာ သိမ်းပိုက်နိုင်ခဲ့တဲ့ တောင်ကိုရီးယားဇာတ်ကား "Parasite” မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ တောင်ကိုရီးယားမင်းသား လီဆွန်ကျွန်း (၄၈ နှစ်) ဟာ တရားမဝင် မူးယစ်ဆေးဝါးသုံးစွဲမှုအတွက် စုံစမ်းစစ်ဆေးမှုခံယူပြီးနောက် ကွယ်လွန်သွားခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့(ဒီဇင်ဘာ ၂၇ ရက်) က အတည်ပြုခဲ့ပါတယ်။
မြို့တော်ဆိုးလ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး သေတမ်းစာလည်း တွေ့ရှိရတာကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ခြင်းဖြစ်မယ်လို့ ယူဆရပါတယ်။ အလောင်းကို ဗုဒ္ဓဟူးနေ့ နံနက်က ၎င်းရဲ့ကားပေါ်မှာ တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့(ဒီဇင်ဘာ ၂၇ ရက်) က ထွက်ပေါ်လာတဲ့ အခင်းဖြစ်ပွားရာနေရာကို ရိုက်ကူးထားတဲ့ဓာတ်ပုံတွေမှာ ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတာကို မြင်တွေ့ရပါတယ်။
လီကို ၎င်း မကွယ်လွန်ခင် အောက်တိုဘာလကတည်းက မူးယစ်ဆေးသုံးစွဲမှုတစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သက်သူ အဖြစ် ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ ဒီဇင်ဘာ ၂၃ ရက်မှာတော့ လီဟာ ဖမ်းဆီးခံရပြီး ၁၉ နာရီကြာ ထိန်းသိမ်းခံ ခဲ့ရပါတယ်။ မကြာမီ ၎င်းအမှုတွေအားလုံးမှာ Negative ဖြစ်ပြီး ပြန်လည်လွတ်မြောက်ခဲ့ပေမယ့် အခုလိုဖြစ်ရပ် ဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။
လီ ရဲ့ဈာပနအခမ်းအနားကို မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက်များနဲ့အတူ "တိတ်တဆိတ်" ကျင်းပသွားမယ်လို့ ၎င်းရဲ့အေဂျင်စီ Hodu & U Entertainment က ဆိုပါတယ်။ လီဟာ "Parasite” ရုပ်ရှင်မှာ ချမ်းသာကြွယ်ဝတဲ့ Park မိသားစု ဖခင် ပက်ဒုန်အစ်ခ်အဖြစ် သရုပ်ဆောင်ခဲ့ပြီး အားပေးမှုများစွာ ရခဲ့ပါတယ်။
၎င်းဟာ "ကော်ဖီချစ်သူ" ဒရာမာနဲ့လူသိများလာခဲ့တာဖြစ်ပြီး ၂ဝဝ၇ ရုပ်သံစီးရီး “Behind the White Tower”၊ ၂ဝ၁ဝ စီးရီး “Pasta” နဲ့ သိပ္ပံဝတ္ထု သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲ “Dr. Brain” ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး နိုင်ငံတကာ Emmy Award အတွက် အမည်စာရင်း တင်သွင်းခံခဲ့ရသူဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အလှဘုရင်မဟောင်း ဟောင်ကောင်မင်းသမီးဘွန်နီလဲ့ ကိုယ့်ကိုယ်ကို သတ်သေခဲ့
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ