မန်တုံမြို့ရှိ ဗျူဟာကုန်း နှင့် လုံခြုံရေးစခန်းများကို ထိန်းချုပ်နိုင်ခဲ့ကြောင်း TNLA ထုတ်ပြန်
မြူနစ် (NSS) - ဒီဇင်ဘာ ၂၄
တပ်မတော်က လေကြောင်းပစ်ကူများဖြင့် ခုခံတိုက်ခိုက်မှုများရှိခဲ့သော်လည်း မန်တုံမြို့ရှိ ဗျူဟာကုန်းနှင့် လုံခြုံရေးစခန်းများကို TNLA ပူးပေါင်းအဖွဲ့က ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ မန်တုံမြို့ရှိ တပ်မတော်၏ လုံခြုံရေးစခန်းများကို ထိန်းချုပ်နိုင်ခဲ့သည့်အခြေအနေနှင့်ပတ်သက်၍ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA က ယနေ့(ဒီဇင်ဘာ ၂၄ ရက်)တွင် သတင်းထုတ်ပြန်ထားသည်။
တအာင်းလက်နက်ကိုင်အဖွဲ့ TNLA နှင့် ပူးပေါင်းအဖွဲ့များသည် ပြီးခဲ့သော ဒီဇင်ဘာ ၁၉ ရက်မှစတင်ကာ မန်တုံမြို့နယ်ရှိ တပ်မတော်၏ လုံခြုံရေးစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်စဉ်ကာလအတွင်း၌ တပ်မတော်အနေဖြင့် Jet Fighter၊ Y12၊ Mi 35 လေယာဉ်များဖြင့် အကြိမ်ပေါင်းများစွာ ခုခံတိုက်ခိုက်မှုများ ရှိခဲ့ကြောင်း TNLA ဘက်က ထုတ်ပြန်ထားသည်။
ဒီဇင်ဘာ ၂၂ ရက်တွင် မန်တုံမြို့ရှိ ခလရ-၁၃၀ ဗျူဟာကုန်း၊ ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများကို အလုံးစုံထိန်းချုပ်နိုင်ခဲ့သည်ဟု TNLA ဘက်က ဆိုသည်။
သို့သော် အထက်ပါကဲ့သို့ TNLA ဘက်က ထုတ်ပြန်ထားသည့်အခြေအနေများနှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့အနေဖြင့် လက်ရှိအချိန်ထိ တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်းမျိုး မရှိသေးပေ။
မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင် (၃)ဖွဲ့သော MNDAA၊ TNLA နှင့် AA တို့သည် ပြီးခဲ့သော အောက်တိုဘာ ၂၇ ရက်မှစတင်ကာ (၁၀၂၇ စစ်ဆင်ရေး) အမည်ဖြင့် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းရှိ တပ်မတော်လုံခြုံရေးစခန်းများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
အဆိုပါစစ်ဆင်ရေးကာလအတွင်း TNLA ပူးပေါင်းအဖွဲ့အနေဖြင့် နမ့်ဆန်မြို့၊ နမ့်ခမ်းမြို့ နှင့် မန်တုံမြို့တို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂ဝ၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူမှာ (၁၄ဝဝဝဝ)ကျော် အထိရှိနေ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း