မြဝတီမြို့နယ်အတွင်း လျှပ်စစ်မီးပြတ်တောက်မှုများဆက်တိုက်ဖြစ်ပေါ်နေသည့်အတွက် အားသွင်းစုရပ်များပြန်လည်ပြုလုပ်ရန်စီစဉ်နေ
ကျော် (NSS) - ဒီဇင်ဘာ ၁၅
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာရှိ သ င်္ဃန်းညီနောင်ဓာတ်အားခွဲရုံ၌ Drop Bomb ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြဝတီမြို့နှင့်အနီးပတ်ဝန်းကျင်ကျေးရွာများတွင် လျှပ်စစ်မီးများပြတ်တောက်လျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။
သင်္ဃန်းညီနောင်ကျေးရွာရှိ 230 KV ဓာတ်အားခွဲရုံအား KNLA ၊ PDF ပူးပေါင်းအဖွဲ့ဝင်များမှ ပြီးခဲ့သည့်(ဒီဇင်ဘာလ ၁၃ ရက်)၊ နံနက် ၆ နာရီ ၁၅ မိနစ်တွင် Drone ယာဥ်အသုံးပြုကာ Drop Bomb ဖြင့်ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
"မြဝတီမှာ အရင်ရက်တွေကလည်း မီးပျက်တယ်။ လာချိန်ရှိတယ်။ ပျက်ချိန်ရှိတယ်။ အခု မြဝတီကိုမီးပေးနေတဲ့ သင်္ဃန်းညီနောင်မှာ Bomb ပေါက်တော့ လုံးဝကိုမလာတော့ဘူး။ ဖုန်းအားသွင်းဖို့လည်း အဆင်မပြေဘူး။ အခု အားသွင်းစုရပ်တွေပြန်လုပ်ဖို့ပြင်နေကြတာတော့တွေ့တယ်"ဟု မြဝတီမြို့ခံတစ်ဦးကပြောသည်။
မြဝတီမြို့နှင့်အနီးဝန်းကျင်ကျေးရွာများ၌ လျှပ်စစ်မီးပြတ်တောက်လျက်ရှိသဖြင့် လျှပ်စစ်အားသွင်းအသုံးပြုရသည့်ပစ္စည်းများအား မီးစက်များနှိုး၍ အားသွင်းခြင်းများပြုလုပ်နေကြရကြောင်း သိရသည်။
"အရင်တစ်ခါကလည်း အဲဒီလိုပဲ သင်္ဃန်းညီနောင်ဓာတ်အားခွဲရုံမှာ ပေါက်ကွဲမှုဖြစ်တော့ မီးကလနဲ့ချီကြာအောင်ပျက်သွားသေးတယ်။ အဲဒီတုန်းကလည်း လျှပ်စစ်အားသွင်းတာတွေအတွက် နိုင်ရာနိုင်ရာနေရာတွေမှာ အားသွင်းစုရပ်လေးတွေလုပ်ခဲ့ရသေးတယ်။ မီးကပြန်ရတာမှသိပ်မကြာသေးဘူး။ အခုထပ်ဖြစ်ပြန်ပြီ"ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခင် ဖြစ်စဥ်အတွင်းကလည်း လျှပ်စစ်မီးပြတ်တောက်ကာ ပျက်စီးမှုများအားပြန်လည်ပြင်ဆင်နေချိန်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် လူမှုကူညီရေးအသင်းရုံးများရှေ့တွင် အားသွင်းစုရပ်များပြုလုပ်၍ အားသွင်းမှုများပြုလုပ်ခဲ့ရကြောင်း သိရသည်။
"ဒီတစ်ခါ အားသွင်းစုရပ်တွေလုပ်ဖို့ကတော့သိပ်မလွယ်ဘူးဗျ။ အရင်က မီးစက်နှိုးဖို့အတွက် စက်သုံးဆီကဝယ်ရတာလွယ်တယ်။ ဒီရက်ထဲ စက်သုံးဆီဝယ်ရတာမလွယ်သလို၊ စျေးတွေလည်းတက်နေတော့ အားသွင်းစုရပ်လုပ်ပေးဖို့စဥ်းစားရမှာပေါ့"ဟု မြဝတီမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
Drop Bomb ပစ်ချတိုက်ခိုက်ခံရမှုကြောင့် 50 MVA Transformer ၏ Gas Circuit Briker တစ်လုံး၊ Raditior (အအေးခံကိရိယာ)၊ ကြွေသီး ၂ လုံးနှင့် 20 MVA Transformer ၏ Raditior (အအေးခံကိရိယာ)တို့ မိုင်းစထိမှန်ကာ ငွေကျပ်သိန်း(၅၀၀၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း နစက၏ထုတ်ပြန်ချက်အရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံရှိ ကလေးငယ်(၄)သန်းကျော်သည် ပညာသင်ခွင့်ပျောက်ဆုံးနေပြီး တိုက်ခိုက်မှုများ၌ ပစ်မှတ်ထားခံနေရကြောင်း UNICEF MYANMAR ဆို
RELATED POSTS
21 Sep 2024 | အထွေထွေ,ပြည်တွင်း
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း