(၃)နှစ်ကြာရပ်နားခဲ့ရသည့် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော် ပြန်လည်ကျင်းပ၊ ခရီးသွားဧည့်သည်ဝင်ရောက်မှု များပြားဟုဆို
Pearl (NSS) - နိုဝင်ဘာ ၂၂
(၃)နှစ်ကြာရပ်နားခဲ့ရသည့် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော် ပြန်လည်ကျင်းပခဲ့ပြီး ခရီးသွားဧည့်သည်ဝင်ရောက်မှု များပြားခဲ့ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းရိုးရာမီးပုံးပျံပညာရှင်များအသင်းထံမှ သိရသည်။
တောင်ကြီးမြို့တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ (နိုဝင်ဘာလ ၂၁ ရက်)၊ ညနေ (၄) နာရီခွဲတွင် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ စတင်ကျင်းပခဲ့သည်။
အဝေရာမီးပုံးပျံကွင်း၌ စတင်ကျင်းပသော မီးပုံးပျံပွဲတော်ဖွင့်ပွဲတွင် စိန်နားပန်မီးပုံးပျံနှစ်လုံး လွှတ်တင်ပေး၍ တိုင်းရင်းသားတိုင်းရင်းသူများက မီးပုံးပျံအလတ် အလုံး ၅၀၊ ကျောင်းသား၊ ကျောင်းသူများက မီးပုံးပျံအသေး ၃၀၀ နှင့် ပရိသတ်များက ကုမ္ပဏီ မီးပုံးပျံ အသေး အလုံး ၂၀၀၀ လွှတ်တင်၍ မီးရှူး၊ မီးပန်းပစ်ဖောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဖွင့်ပွဲနေ့၌ ပြည်တွင်း ခရီးသွားဧည့်သည်များ အများအပြား လာရောက်ခဲ့သည့်အပြင် နိုင်ငံခြား သားခရီးသွားဧည့်သည်များလည်း လာရောက်ခဲ့ကြောင်း သိရသည်။
"ပွဲလာကြည့်တဲ့လူတွေကလည်း အပြည့်ပါပဲ၊ နိုင်ငံခြားသားဧည့်သည်တွေ အနေနဲ့လည်း မနေ့ညမှာ တွေ့ရတယ်။ ခါတိုင်းဆို အဖိတ်၊ လပြည့်နေ့တွေမှ တွေ့ရတာ ခုဆို ဖွင့်ပွဲနေ့မှာတင် လာကြတယ်။ ဓာတ်ပုံရိုက်တဲ့ အသင်းအဖွဲ့တွေ များတာကိုလည်း တွေ့ရတယ်။ ခရီးသွားဧည့်သည် ဝင်ရောက်မှုက (၁၀၀)ရာခိုင်နှုန်းနဲ့ တွက်မယ်ဆိုရင် အရင်လောက်တော့ မရှိဘူး။ ဒါပေမယ့် (၇၅၊ ၈၀) ရာခိုင်နှုန်းလောက်တော့ ရှိနေပါတယ်"ဟု ရှမ်းပြည်နယ်တောင်ပိုင်းရိုးရာမီးပုံးပျံပညာရှင်များအသင်း၏ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
လက်ရှိတွင် တောင်ကြီးမြို့အတွင်း၌ ညမထွက်ရ အမိန့်အား ယာယီပယ်ဖျက်ထားသည့်အတွက် မြို့အတွင်း၌ အချိန်အကန့်အသတ်မရှိ သွားလာနိုင်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်မှစ၍ မီးပုံးပျံပွဲကို (၃)နှစ်ကြာ ရပ်နားထားခဲ့ရပြီး ယခုနှစ် တန်ဆောင်တိုင်ပွဲတော်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၂၁) ရက်မှ (၂၇) ရက်အထိ (၇)ရက်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနာမည်ကြီး တက္ကသိုလ် (၁၂)ခုပါဝင်မည့် ပညာရေးပြပွဲ ရန်ကုန်၌ ကျင်းပမည်
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း