စည်ရှင်ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာကို လာမည့် (၂၃)ရက်တွင် ကျင်းပမည်
စော (NSS) - နိုဝင်ဘာ ၂၀
ရွှေကျင်နိကာယဥပဥက္ကဋ္ဌမဟာနာယက စည်ရှင်နာယက ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာကို လာမည့် နိုဝင်ဘာလ (၂၃)ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ရွှေကျင်နိကာယဗဟိုဌာန မဟာဝိသုဒ္ဓါရုံတိုက်သစ်မှ ကြေညာထားသည်။
ရွှေကျင်နိကာယဥပဥက္ကဋ္ဌမဟာနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် မဟာနာယက စည်ရှင်ဆရာတော်ကြီး ဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသသည် ယမန်နေ့ နိုဝင်ဘာလ(၁၉)ရက်၊ နံနက်(၉)နာရီ (၃၃)မိနစ်အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း သိရသည်။
လက်ရှိတွင် စည်ရှင်ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား သီတင်းသုံးတော်မူရာ မဟာဝိသုဒ္ဓါရုံတိုက်သစ်စည်ရှင်ကျောင်း၊ ရွှေဘုန်းပွင့်ကျောင်းဆောင်တော်မှ အောင်မြေသာစည်အလယ်တိုက်ကြီးကျောင်းသို့ ပင့်ဆောင်၍ စံကျောင်းတော်၌ ပူဇော်ထားကြောင်း သိရသည်။
ထို့ကြောင့် စည်ရှင်ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို လာမည်(နိုဝင်ဘာလ ၂၃ ရက်) တွင် မဟာအောင်မြေမြို့နယ်၊ ၃၉ လမ်း နှင့် လမ်း ၄၀ ကြား၊ ကမ်းနားလမ်းရှိ ဧရာဦးဆိပ်ကမ်း ဈာပနကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဆရာတော်ကြီးသည် မြန်မာသက္ကရာဇ် (၁၃၀၀)ပြည့်နှစ် တန်ဆောင်မုန်းလဆန်း (၁၃) ရက် (တနင်္ဂနွေနေ့)တွင် ခမည်းတော် ဦးအောင်ကျော်နှင့် မယ်တော် ဒေါ်သိန်းမိတို့မှ စစ်ကိုင်း တိုင်း၊ မုံရွာမြို့နယ်၊ ဘုမ္မနိုးဆင်ကျွန်းရွာတွင် ဖွားမြင်ခဲ့သည်။
ဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူချိန်တွင် သက်တော်(၈၅)နှစ်၊ ဝါတော် (၆၆)ဝါ ရှိပြီဖြစ်ကြောင်း သိရသည်။
ဆရာတော်ကြီးသည် မြန်မာသက္ကရာဇ် (၁၃၁၂)နှစ် ကဆုန်လဆန်း (၈)ရက်တွင် မုံရွာမြို့ နယ်၊ ဘုမ္မနိုးဆင်ကျွန်းရွာရှိ တောင်ကျောင်းဆရာတော် ဘဒ္ဒန္တသောဘိတကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက ထူးခြားဖြစ်စဥ်သတင်းများ
RELATED POSTS
04 Sep 2024 | ဘာသာရေး,ပြည်တွင်း
22 Jul 2024 | ဘာသာရေး,နိုင်ငံတကာ
02 Jun 2024 | ဘာသာရေး,နိုင်ငံတကာ
29 May 2024 | ဘာသာရေး,ပြည်တွင်း