တိုက်ပွဲများ ပြင်းထန်နေသည့် ကွမ်းလုံအပါအဝင် မြို့နယ်(၈)ခုကို စစ်အုပ်ချုပ်ရေး(Martial Law) ကြေညာ
မြူနစ် (NSS) - နိုဝင်ဘာ ၁၂
တိုက်ပွဲများ ပြင်းထန်နေသည့် ကွမ်းလုံအပါအဝင် မြို့နယ်(၈)ခုတွင် စစ်အုပ်ချုပ်ရေး(Martial Law)ကြေညာလိုက်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ယနေ့(နိုဝင်ဘာလ ၁၂ ရက်)တွင် အဆိုပါ မြို့နယ်များကို စစ်အုပ်ချုပ်ရေးအမိန့်ကို ကြေညာလိုက်ခြင်းဖြစ်သည်။
လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး အား ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်(၆)ခု၌ စစ်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးရန် အခြေခံဥပဒေအရ အပ်နှင်းလိုက်သည်ဟု နစကမှ ဆိုသည်။
ထိုသို့ စစ်အုပ်ချုပ်ရေးကြေညာလိုက်သော ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များမှာ ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး နှင့် သိန်းနီမြို့နယ်တို့ ဖြစ်သည်။
အလားတူ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)၊ ဒေသကွပ်ကဲရေးမှူးအား ရှမ်းပြည်နယ်အတွင်းရှိ ကုန်းကြမ်းနှင့် လောက်ကိုင်မြို့နယ်တို့တွင် စစ်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးရန် အခြေခံဥပဒေအရ နစကမှ အပ်နှင်းလိုက်သည်။
စစ်အုပ်ချုပ်ရေး ထပ်မံကြေညာလိုက်သည့် မြို့နယ်ပေါင်းမှာ စုစုပေါင်း(၈)မြို့နယ်ဖြစ်ပြီး လတ်တလော၌ လက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်တို့ကြားတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသော ဒေသများလည်း ဖြစ်သည်။
MNDAA ဦးဆောင်ကာ TNLA၊ AA လက်နက်ကိုင်မဟာမိတ်(၃)ဖွဲ့သည် အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းအတွင်းရှိ တပ်မတော်၏ လုံခြုံရေးစခန်းများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်လျက်ရှိသည်။
ထိုသို့ တိုက်ခိုက်နေမှုများကြောင့် တပ်မတော်၏ လုံခြုံရေးစခန်းများ လက်လွတ်ခဲ့ရသည့်ဖြစ်စဉ်များရှိခဲ့ပြီး လက်ရှိအချိန်အထိ နှစ်ဖက်ကြားတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ယခု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင်လည်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအပါအဝင် ပြည်နယ်နှင့်တိုင်း (၈)ခုရှိ မြို့နယ်ပေါင်း (၄၀)တွင် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့ဖူးသည်။
ထို့ကြောင့် လက်ရှိတွင် နိုင်ငံအတွင်း၌ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာထားသည့် မြို့နယ်ပေါင်းမှာ (၄၈)မြို့နယ်ထက်မနည်း ရှိနေပြီဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အဂတိလိုက်စားသူများအား ထုတ်ဖော်သတင်းပေးသူများကို အကာအကွယ်ပေးရေးဥပဒေပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်လျက်ရှိ
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း