ပြည်တွင်း၌ စက်သုံးဆီ(၁)လစာ အရန်အမြဲရှိကြောင်းနှင့် ဆီတင်သင်္ဘော (၁၅)စင်း ထပ်မံရောက်ရှိလာမည်ဟု နစက အသိပေး
ပုံစာ - စက်သုံးဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေသည့် မော်တော်ယာဉ်များအား ယနေ့ (နိုဝင်ဘာလ ၁၂ ရက်) နံနက်ပိုင်းက တွေ့ရစဉ်
မျိုးကြီး (NSS) - နိုဝင်ဘာ ၁၂
ပြည်တွင်း၌ စက်သုံးဆီ (၁)လစာအရန်အမြဲရှိကြောင်း နှင့် ဆီတင်သင်္ဘော (၁၅)စင်း ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့(နိုဝင်ဘာလ ၁၂ ရက်)တွင် စက်သုံးဆီပြတ်လပ်မှုသတင်းများနှင့်ပတ်သက်၍ ဖြေရှင်းရာတွင် အထက်ပါကဲ့သို့ အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
စက်သုံးဆီရောင်းချသည့် ခွဲတမ်းများကို လျှော့ချခြင်းနှင့် ဆီဝယ်ယူရန်အတွက် အစိုးရအနေဖြင့် ဒေါ်လာချမပေးခြင်းကြောင့်ဟုဆိုကာ စက်သုံးဆီပြတ်လပ်နေသည်ဆိုသော ကောလာဟလများကို အချိန်ကိုက်ထုတ်လွှင့်နေမှုများရှိကြောင်း နစကပြောခွင့်ရက ပြောသည်။
“စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်နေပြီ။ ပြန်မဖြည့်နိုင်တော့ဘူးဆိုတဲ့ဟာတွေလည်း ဖြစ်ပါတယ်။ ပထမဆုံးပြောချင်တာက ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ပြောခဲ့တာက ဆီ(၂)ဆီပေါ့။ စက်သုံးဆီ၊ စားသုံးဆီနဲ့ပတ်သက်ပြီးတော့ အလေးထားဆောင်ရွက်လျက်ရှိတယ်။ ဆီခွဲတမ်းများနဲ့ပတ်သက်ပြီး ယခင်အတိုင်းပဲ ဖြစ်တယ်။ ကျွန်တော်တို့ စိစစ်တာ တစ်ခုပဲ ရှိတယ်။ ယခင်အတိုင်းပဲ ဖြစ်တယ်။ လျှော့ပြီး လုပ်ပေးတာမရှိဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
လက်ရှိတွင် ပြည်တွင်း၌ စက်သုံးဆီအလုံအလောက်ရှိပြီး အသုံးပြုမှုများသော ၉၂ ဆီအမျိုးအစားသည် လက်ကျန်အနေဖြင့် ဂါလံ (၁၃)သန်းကျော်ရှိကြောင်းနှင့် ဒီဇယ်အနေဖြင့် ဂါလံသန်း (၃၀)ကျော်ရှိကြောင်း ၎င်းက ထပ်မံပြောသည်။
“ပြီးရင် ထပ်မံရောက်ရှိလာမယ့် ဆီတင်သင်္ဘော (၁၅)စင်းနီးပါးရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ စက်သုံးဆီကို ပြည်တွင်းမှာ မည်သည့်စက်သုံးဆီအမျိုးအစားမဆို တစ်လအရန်ရှိအောင် အမြဲတမ်းဆောင်ရွက်လျက်ရှိတယ်။ ဒါ့ပြင် စက်သုံးဆီနဲ့ ပတ်သက်လာလို့ရှိရင် နိုင်ငံတော်အစိုးရအနေနဲ့ အထူးအလေးထားဆောင်ရွက်ပေးနေတဲ့အတွက်ကြောင့်မို့ ယခင်အတိုင်း ဒေါ်လာရောင်းချပေးတာတွေ ဆောင်ရွက်လျက်ရှိတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ ပုဂ္ဂိုလ်ရေး၊ ကာကွယ်ရေးအရ ဘက်ပေါင်းစုံမှ သတင်းအမှားများဖြင့် အချိန်ကိုက်ထုတ်လွှင့်ဆောင်ရွက်မှုများရှိနေသည့်အတွက် ပြည်သူလူထုအနေဖြင့် သတင်းအဆိပ်မသင့်စေရေး သတိထားရန် အရေးကြီးကြောင်း ၎င်းက အကြံပြုထားသည်။
နိုဝင်ဘာလ ၁၀ ရက် ညပိုင်းမှစတင်ကာ ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့၌ ဆီပြတ်လပ်မှု ဖြစ်ပေါ်နေသည်ဆိုသော သတင်းများနှင့်အတူ လက်ရှိအချိန်ထိ ဆီဆိုင်အချို့၌ ကားများစွာ တန်းစီစောင့် ဆိုင်းကာ ဝယ်ယူမှုများ ဖြစ်ပေါ်လျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ဂူနမ်ပါဒေါင်ကုန်းဟာ ကမ္ဘာ့ရှေးအကျဆုံးပိရမစ် ဖြစ်လာနိုင်
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း