ရွှေလီကြိုးတံတားရှိ လုံခြုံရေးစခန်းကို TNLA အဖွဲ့ ဝင်ရောက်တိုက်ခိုက်၊ နမ့်ခမ်းမြို့၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်
မြူနစ် (NSS) - နိုဝင်ဘာ ၃
ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နှင့် ကချင်ပြည်နယ်၊ မန့်ဝိန်းကြီးမြို့ကို ဆက်သွယ်ထားသော ရွှေလီကြိုးတံတားရှိ လုံခြုံရေးစခန်းကို TNLA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ရွှေလီကြိုးတံတားရှိ လုံခြုံရေးစခန်းကို ယနေ့(နိုဝင်ဘာလ ၃ ရက်) နံနက်ပိုင်းတွင် (၁၀၂၇ စစ်ဆင်ရေး)အဖြစ် ဝင်ရောက်တိုက်ခဲ့ကြောင်း TNLA ဘက်က ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
ထိုသို့တိုက်ခိုက်စဉ် နံနက် ၇ နာရီအချိန်ခန့်တွင် ရွှေလီကြိုးတံတားရှိ လုံခြုံရေးစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု TNLA ဘက်က ထုတ်ပြန်ထားသည်။
ထို့အတူ ယနေ့တွင်လည်း နမ့်ခမ်းမြို့၌ တပ်မတော်နှင့် TNLA အဖွဲ့ကြားတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေလျက်ရှိကြောင်း သိရသည်။
MNDAA၊ TNLA၊ AA မဟာမိတ်(၃)ဖွဲ့သည် အောက်တိုဘာ ၂၇ ရက်မှ စတင်ကာ (၁၀၂၇ စစ်ဆင်ရေး)အမည်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ လုံခြုံရေးစခန်းများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
အဆိုပါ မဟာမိတ်(၃)ဖွဲ့သည် ရှမ်းပြည်နယ်အတွင်းရှိ ချင်းရွှေဟော်မြို့၊ ဖောင်းဆိုင်မြို့နှင့် ကြူကုတ်မြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ထားကြောင်း သိရသည်။
ထိုသို့ လုံခြုံရေးစခန်းများကို တိုက်ခိုက်လာမှုနှင့်ပတ်သက်၍ တန်ပြန်ချေမှုန်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့တွင် ပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေးတွင် အသိပေးပြောကြားခဲ့သည်။
“လက်ရှိဖြစ်နေတာက မြောက်ပိုင်း(၃)ဖွဲ့ဘက်က စနစ်တကျ အကွက်ချပြီးမှ ကြိုတင်စီစဉ်ထားတဲ့ စစ်ဆင်ရေး ဖြစ်ဖို့များတယ်။ ရည်မှန်းချက်တွေက သုံးသပ်ရရင်တော့ဖြင့် MNDAA ရဲ့ အရင်သူတို့ယူခဲ့တဲ့ လောက်ကိုင်နဲ့ ချင်းရွှေဟော် အဲဒီတစ်ဝိုက်ကို ပြန်စိုးမိုးဖို့ဆိုတဲ့ ရည်မှန်းချက် ဖြစ်နိုင်တယ်။ ကျန်တဲ့ဒေသက တိုက်ကွက်ဖော်တဲ့သဘောပဲလို့ သုံးသပ်တယ်” ဟု ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်က NSS ကို ပြောသည်။
မြန်မာနိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ နယ်မြေဒေသတို့ကို အစွမ်းကုန်ကြိုးပမ်းကာကွယ်သွားမည်ဟုလည်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို အသိပေးပြောကြားခဲ့ဖူးသည်။
လက်ရှိတွင် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသများတွင် ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရသူ (၆၂၀၀)ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆန်တန်ချိန် (၅၀)အထက် သိုလှောင်သည့် သိုလှောင်ရုံများအနေဖြင့် ယနေ့မှစ၍ မှတ်ပုံတင်ရမည်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း