အဓိကရုဏ်းတွင် ပါဝင်သူများအား ခေါင်းကို သေနတ်ဖြင့်ပစ်သတ်သင့်ကြောင်း ချေချင်းညာဒေသခေါင်းဆောင် ပြော
Pika (NSS) - နိုဝင်ဘာ ၁
တရားဥပဒေစိုးမိုးရေးကို ဆန့်ကျင်မည့် အလားအလာရှိသော အကြမ်းဖက်သမားများကို သေစေလောက်သည့်အင်အားများအသုံးပြုရန် ရုရှားနိုင်ငံတောင်ပိုင်းရှိ မွတ်စလင် အများဆုံးနေထိုင်သော ချေချင်းညာဒေသခေါင်းဆောင် Ramzan Kadyrov က အမိန့်ပေးခဲ့ကြောင်း သိရသည်။
Dagestan ဒေသရှိ လေဆိပ်တွင် ဂျူးဆန့်ကျင်ရေးလုပ်ရပ်များဖြစ်ပွားခဲ့ပြီးနောက် Ramzan Kadyrov က ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ Ramzan Kadyrov က "ချေချင်းညာဒေသ အာဏာပိုင်တွေဟာ အကြမ်းဖက်သမားတွေအားလုံးကို ဖမ်းဆီးပြီးထောင်ချသွားမှာပါ၊၊ ပြီးတော့ လူတွေကို သတိပေးတဲ့အနေနဲ့ လေထဲ ကို သေနတ်သုံးချက်ပစ်ဖောက်မှာပါ။ အဲဒါကိုမှ လူတွေက မလိုက်နာဘူးဆိုရင် လေးချက်မြောက်ကို သူတို့ရဲ့နဖူးကို တည့်ပစ်လိုက်ပါ" ဟု ပြောခဲ့သည်။
အောက်တိုဘာလ(၂၉)ရက် ညက Dagestan ဒေသ Makhachkala မြို့ရှိ လေဆိပ်သို့ အစ္စရေးမှ ဒုက္ခသည်များ လိုက်ပါလာသော လေယာဉ်ရောက်ရှိလာချိန်တွင် ဆူပူအုံကြွမှုများဖြစ်ပွားပြီးနောက် ရက်ပိုင်းအကြာတွင် အဆိုပါ သတိပေးချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့အပြင် အရေးပေါ်အခြေအနေများအတွက် လေဆိပ်တွင် ရဲတပ်ဖွဲ့ဝင် များကို ဖြန့်ကျက်ချထားခဲ့ပြီး ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့ရာ နှစ်ဖက်လုံးမှ အနည်းဆုံးလူ(၂ဝ) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ(၃ဝ)ရက်က ပြုလုပ်သော လုံခြုံရေးကောင်စီအစည်းအဝေးအတွင်း ရုရှားသမ္မတပူတင်သည် အဆိုပါပဋိပက္ခအတွက် ယူကရိန်းအစိုးရ နှင့် ၎င်း၏ အနောက်အုပ်စုကျောထောက်နောက်ခံနိုင်ငံများကို ပြစ်တင် ပြောဆိုခဲ့ကြောင်းလည်း သိရသည်။
ပူတင်က "ယူကရိန်းအမျိုးသားရေးဝါဒီ အစွန်းရောက်အဖွဲ့ရဲ့ လက်ယာစွန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Stepan Bandera နဲ့ ဟစ်တလာတို့ရဲ့အခြားကြံရာပါလူတွေဟာ ယူကရိန်းမှာရောနှောပျံ့နှံ့နေတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ပြီးတော့ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးတွေကို အစုလိုက်အပြုံလိုက်သတ်ပစ်ခဲ့တဲ့ နာဇီတွေကို ယူကရိန်းရဲ့ခေါင်းဆောင်ပိုင်းတွေက ချီးကျူးခဲ့ကြတယ်ဆိုတာလည်း ကျွန်တော်တို့သိပါတယ်။ ပြီးတော့ အနောက်အုပ်စုနိုင်ငံတွေရဲ့ ညွှန်ကြားမှုတွေနဲ့အတူ ယူကရိန်းဟာ ရုရှားမှာ ရန်လိုမုန်းတီးမှုတွေဖြစ်အောင် လှုံ့ဆော်ပေးချင်နေတာပါ" ဟု ပြောခဲ့သည်။
ထို့အပြင် ငယ်ရွယ်သော မွတ်စလင်များသည် ဥပဒေချိုးဖောက်မှုများ လုပ်ဆောင်ရန်အတွက် ကြိုးကိုင်ခြယ်လှယ် ခြင်းများကို မခံရရန် ၎င်းတို့၏ အကြီးအကဲများထံမှ အကြံညဏ်များကို ရယူသင့်ကြောင်း ချေချင်းညာဒေသ ခေါင်းဆောင် Ramzan Kadyrov က ပြောခဲ့သည်။
၎င်းက "Dagestan မြို့က အဓိကရုဏ်းများ ပါဝင်ခဲ့သူတွေဟာ သူတို့ကိုယ်သူတို့ ထိခိုက်အောင် လုပ်ခဲ့တာပါ။ Dagestan ဒေသအကြီးအကဲတွေဟာ ဒီလုပ်ရပ်တွေရဲ့အကျိုးဆက်တွေနဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ ကြိုးကိုင် ခြယ်လှယ်မှုတွေကို ရှင်းပြခဲ့ပေမယ့် သူတို့က နားမထောင်ခဲ့ပါဘူး။ ပြီးတော့ အခုလိုမျိုးတွေဖြစ်ခဲ့တာပါ။ လူငယ်တွေဟာ တစ်ခုခုကို မလုပ်ဆောင်မီ အရင်ဆုံးစဉ်းစားသင့်ပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ နိုဝင်ဘာလ ၁ ရက်အတွင်း ထူးခြားဖြစ်စဥ် သတင်းများ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ