ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်းဟာမွန်း ဝင်ရောက်တိုက်ခတ်မှုကြောင့် လူ(၃)သိန်းနီးပါး ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းခဲ့ရ
Pika (NSS) - အောက်တိုဘာ ၂၅
အောက်တိုဘာလ(၂၅)ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ကမ်းရိုးတန်းသို့ ဆိုင်ကလုန်းမုန်တိုင်း ဟာမွန်း ဝင်ရောက်တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ(၂)ဦးသေဆုံးခဲ့ပြီး အခြားလူ(၂၇၅ဝဝဝ)နီးပါးမှာ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဆိုင်ကလုန်းမုန်တိုင်းဟာမွန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့သည့် နောက်ဆုံး မုန်တိုင်းတစ်ခုဖြစ်ကြောင်းလည်း သိရသည်။ ဆိုင်ကလုန်းမုန်တိုင်းဟာမွန်း ဝင်ရောက်တိုက်ခတ်မှုကြောင့် လျှပ်စစ်ဓါတ်အားများပြတ်တောက်ခဲ့သလို ကမ်းရိုးတန်းရွာများနှင့် ကျွန်းများတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
သို့သော်လည်း လက်ရှိအချိန်အထိ ထိခိုက်ပျက်စီးမှုသတင်းများ အစီရင်ခံခြင်းမျိုးမရှိသေးကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာန အတွင်းရေးမှူး Kamrul Hasan က ပြောကြားခဲ့သည်။
၎င်းက "ကျွန်တော်တို့ လူပေါင်း(၂၇၃၃၅၂)ဦးကို ကယ်ဆယ်ရေးစခန်းတွေဆီ ရွှေ့ပြောင်းပေးခဲ့ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းဟာမွန်း တိုက်ခတ်မှုကြောင့် အနည်းဆုံးလူ(၂)ဦးသေဆုံးခဲ့ပါတယ်။ တစ်ယောက်က သစ်ပင်ပိ ခဲ့ပြီး အခြားတစ်ဦးကတော့ အဆောက်အဦးပြိုကျမှုအတွင်း သေဆုံးခဲ့တာပါ။ အခြားလူ(၁ဝ)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး သူတို့အားလုံးကို ဆေးကုသမှုတွေလုပ်ဆောင်ဖို့ ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။
အောက်တိုဘာလ(၂၅)ရက် နံနက်အစောပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်းဟာမွန်းသည် တစ်နာရီလျှင် လေတိုက်နှုန်း (၁ဝ၄) ကီလိုမီတာဖြင့် စစ်တကောင်းနှင့် ကော့ဘဇားကမ်းမြောင်ဒေသတို့သို့ ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနမှ ကျွမ်းကျင်ပညာရှင် Muhammad Abul Kalam Mallik က ပြောကြားခဲ့သည်။
Muhammad Abul Kalam Mallik က "ဆိုင်ကလုန်းမုန်တိုင်းဟာမွန်းဟာ ကုန်းတွင်းပိုင်းကို ဆက်လက်ရွေ့သွားပြီး တစ်ဖြည်းဖြည်းအားပျော့သွားနိုင်ဖွယ်ရှိပါတယ်" ဟု ပြောခဲ့သည်။
ရာသီဥတုဖောက်ပြန်မှုများကြောင့် အပူပိုင်းမုန်တိုင်းများ ပိုမိုပြင်းထန်လာကာ မိုးသည်းထန်စွာရွာသွန်းမှုများနှင့်အတူ ရေကြီးခြင်းနှင့် ကမ်းရိုးတန်းဒေသပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အသင်းကစားသမားများ၏ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမှာ စတင်ကြီးထွားလာနေပြီဖြစ်ကြောင်း မန်ယူနည်းပြ ပြော
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း