ဒဂုံမြို့သစ်(အရှေ့ပိုင်း)ရှိ ရပ်ကွက်အချို့တွင် ရေများဝင်ရောက်လျက်ရှိခြင်းကြောင့် အစားအသောက်များ လိုအပ်နေဟုဆို
စော(NSS) - အောက်တိုဘာ ၁၈
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)ရှိ ရပ်ကွက်အချို့တွင် ရေများဝင်ရောက်လျက်ရှိခြင်းကြောင့် အစားအသောက်နှင့် သောက်ရေများ လိုအပ်နေကြောင်း သတင်းရရှိသည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြိုနယ်ရှိ ရပ်ကွက်များတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှစ၍ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အရှေ့ဒဂုံအတွက်တင် တစ်နေ့ကို ထမင်းဘူး (၁)သောင်းကျော်လောက် လိုအပ်တယ်။ ရေသန့်တွေလည်း လိုအပ်တယ်။ ပရဟိတအနေနဲ့လှူဒါန်းတာကြတော့ ချို့တဲ့နေတဲ့ အိမ်တွေကို ဦးစားပေးလှူဒါန်းတာပေါ့။ ရပ်ကွက်အလိုက်ကို ထမင်းဘူး (၅၀၀)ပို့ရတာရှိတယ်။ (၇၀၀)ပို့ရတာရှိတယ်။ (၁၀၀၀)ပို့ရတဲ့ ရပ်ကွက်ရှိတယ်ပေါ့နော်။ ရေဘေးရှောင်စခန်းတွေ ဖွင့်ပေးထားတာမရှိဘူး။ ဓမ္မာရုံတွေရော၊ အုပ်ချုပ်ရေးမှူးရုံးတွေရော၊ ကျောင်းတွေရောမြုပ်တယ်။ ကျောင်းတွေကတော့ စာမေးပွဲရှိလို့ မပိတ်ထားဘူး”ဟု ဒဂုံမြို့သစ် (အရှေ့ပိုင်း)တွင် နေထိုင်သူတစ်ဦးက NSS ကိုပြောသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ၁၅၅၊ ၁၅၆၊ ၁၅၇၊ ၁၃၈၊ ၁၃၇၊ ၁၃၆၊ ၁၂၅၊ ၁၂၆၊ ၁၂၇၊ ၁၂၈၊ ၁၂၃၊ ၁၂၁၊ ၁၂၀၊ ၁၃၀၊ ၁၃၁၊ ၁၃၂၊ ၁၃၄၊ ၁၁၈၊ ၁၁၉ နှင့် ၁၁၀ စသည့် ရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။
“လှည်းကူးကဆင်းတဲ့ရေ ရယ်၊ ဆည်ကလွှတ်တဲ့ရေရယ်ပေါင်းပြီးကျတာလေ။ မိုးကတော့ ဒီရက်ပိုင်းတော့ သိပ်မရွာဘူး။ (၁၀၈)ရပ်ကွက်က မနေ့ညက စပြီးရေဝင်တာပါ။ တစ်ချို့ရပ်ကွက်တွေကျတော့ လွန်ခဲ့တဲ့ (၄)၊ (၅)ရက်ထဲက ဝင်တာပါ။ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မှာ ရွာတွေရှိသေးတယ်။ အဲဒီရွာတွေကျတော့ ပဲခူးရေစကြီးထဲက မြုပ်တာပါ။ ရွာတွေဘက်ဆိုတော့ ဘယ်သူမှ မသိကြတော့ အလှူရှင်လည်း သွားတာနည်းတာပါတယ်။ သိပ်ပြီးသတင်းက တက်မလာကြဘူး”ဟု ၎င်းကဆက်လက်ပြောကြားထားသည်။
လက်ရှိတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုဖြစ်ပေါ်နေသောရပ်ကွက်များတွင် နေထိုင်သည့် ပြည်သူလူထူအနေဖြင့် အစားအသောက်နှင့် ရေသန့်များ လိုအပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေအိမ်၌ အိပ်ပျော်နေသည့်လင်မယား(၂)ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်မှု ငါန်းဇွန်မြို့နယ်၌ဖြစ်ပွား
RELATED POSTS
08 Nov 2024 | အထွေထွေ,ပြည်တွင်း
08 Nov 2024 | အထွေထွေ,နိုင်ငံတကာ
31 Oct 2024 | အထွေထွေ,နိုင်ငံတကာ