ဟားမက်အဖွဲ့ကို ပြစ်တင်ရှုတ်ချရန် အနောက်အုပ်စုနိုင်ငံများ၏ ဖိအားပေးမှုများကို သဘောမတူကြောင်း မလေးရှားဝန်ကြီးချုပ် ထုတ်ဖော်ပြော
Pika (NSS) - အောက်တိုဘာ ၁၆
ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမက်အပေါ် ပြစ်တင်ရှုတ်ချခြင်းမျိုး လုပ်ဆောင်ရန် အနောက်အုပ်စုနိုင်ငံများ၏ ဖိအားပေးမှုများကို သဘောမတူကြောင်း မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရင်ဟင်က ထုတ်ဖော်ပြောဆိုခဲ့သည်။
ဟားမက်စစ်သွေးကြွအဖွဲ့အပေါ် ပြစ်တင်ရှုတ်ချခြင်းများလုပ်ဆောင်ရန် အနောက်အုပ်စုနှင့် ဥရောပရှိနိုင်ငံများက မလေးရှားအစိုးရကို ထပ်ခါတလဲလဲတောင်းဆိုခဲ့ကြောင်း အန်ဝါအီဘရင်ဟင်က ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့သော်လည်း ၎င်းသည် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နောက်ထပ်အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ပြောကြားခဲ့ခြင်းမျိုးမရှိသေးကြောင်းလည်း သိရသည်။
အန်ဝါအီဘရင်ဟင်က "ကျွန်တော်တို့ဟာ အရင်တည်းက ဟားမက်အဖွဲ့နဲ့ ဆက်ဆံရေးတွေရှိနေပြီး နောက်ပိုင်းမှာ လည်း ဒီဆက်ဆံရေးက ဆက်လက်တည်ရှိသွားမှာပါ။ ဟားမက်အဖွဲ့ဟာ ဂါဇာကမ်းမြောင်ဒေသကိုအုပ်ချုပ်ဖို့ ရွေးကောက်ပွဲတွေကနေတစ်ဆင့် အနိုင်ရရှိထားတာဖြစ်ပြီး ပြည်သူတွေအားလုံးက သူတို့ကိုဦးဆောင်ဖို့ ရွေးချယ်ခဲ့ ကြတာပါ။ ဒါကြောင့် ဟားမက်အဖွဲ့ကို ပြစ်တင်ရှုတ်ချဖို့ ဖိအားပေးတာမျိုးတွေကို ကျွန်တော်တို့သဘောတူမှာ မဟုတ်ပါဘူး" ဟု ပြောခဲ့သည်။
မွတ်စလင်အများဆုံးနေထိုင်သော မလေးရှားနိုင်ငံသည် ပါလက်စတိုင်းအရေးကိုထောက်ခံသည့်နိုင်ငံဖြစ်ပြီး အစ္စရေးနှင့် ပါလက်စတိုင်းကြားပဋိပက္ခကို ဖြေရှင်းရန်အတွက် အဖြေရှာရန် ထောက်ခံခဲ့ကြောင်းလည်း သိရသည်။ သို့သော်လည်း မလေးရှားနိုင်ငံသည် အစ္စရေးနိုင်ငံနှင့် သံတမန်ဆက်ဆံရေးမရှိကြောင်းလည်း သိရသည်။
ယခင်က ဟားမက်အဖွဲ့ထိပ်တန်းခေါင်းဆောင်များသည် မလေးရှားနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး မလေးရှားဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ဖူးကြောင်း သိရသည်။ ၂ဝ၁၃ ခုနှစ်တွင် မလေးရှားဝန်ကြီးချုပ်နာဂျစ်ရာဇတ်သည် ဂါဇာ ကမ်းမြောင်ဒေသအပေါ် အစ္စရေး၏ပိတ်ဆို့အရေးယူမှုများကို ဆန့်ကျင်ခဲ့ပြီး ဟားမက်အဖွဲ့၏ ဖိတ်ကြားချက်အရ ပါလက်စတိုင်းနယ်မြေအတွင်းသို့ သွားရောက်ခဲ့ဖူးကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာမည့်အိမ်ကွင်းပွဲစဉ်တွင် လုံခြုံရေးများကို တိုးမြှင့်ချထားသွားမည်ဖြစ်ကြောင်း မန်ယူအသင်းတာဝန်ရှိသူများပြော
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း