ပြည်သူများ မဖြစ်မနေလိုအပ်သော ဆေးဝါး၊ စက်သုံးဆီ နှင့် စားသုံးဆီများ ဈေးနှုန်းမကြီးမြင့်ရန် ကြပ်မတ်သွားမည်ဟုဆို
Pearl (NSS) - အောက်တိုဘာ ၁၂
နိုင်ငံတော်နှင့် ပြည်သူများအတွက် မဖြစ်မနေလိုအပ်သော ဆေးဝါးများ၊ စက်သုံးဆီများ၊ စားသုံးဆီများ နှင့် စားသောက်ကုန်များစသည့်ကုန်ပစ္စည်းများ ဈေးနှုန်းကြီးမြင့်မှု မဖြစ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောသည်။
ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးက ယမန်နေ့ (အောက်တိုဘာလ ၁ဝ ရက်)တွင် နေပြည်တော်၌ ကျင်းပသော ဗဟိုကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါအစည်းအဝေး၌ ဗိုလ်ချုပ်ကြီးမြထွန်းဦးက အထူးသဖြင့် နိုင်ငံတော်၏ စီးပွားရေးကို အဓိကထိခိုက်စေသည့် ကုန်သွယ်ရေးလိုငွေပြမှု (Trade Deficit) မဖြစ်ပေါ်စေရန် ကြိုးပမ်းဆောင်ရွက်ရာတွင် ပို့ကုန်တိုးမြှင့်ထုတ်လုပ်နိုင်ရေး နှင့် ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။
ထို့ပြင် နိုင်ငံတော်နှင့် အများပြည်သူအတွက် မဖြစ်မနေလိုအပ်သော ကုန်ပစ္စည်းများဖြစ်သည့် ဆေးနှင့် ဆေးအထောက်အကူပစ္စည်းများ၊ လယ်ယာလုပ်ငန်းသုံးပစ္စည်းများ၊ စက်သုံးဆီ၊ စားသုံးဆီများ၊ မွေးမြူရေးလုပ်ငန်းသုံးကုန်ကြမ်းများ၊ ပလတ်စတစ်ကုန်ကြမ်းများ၊ စက်မှုကုန်ကြမ်းများ၊ အစားအသောက်ကုန်ကြမ်းများ၊ ဆေးဝါးကုန်ကြမ်းပစ္စည်းများနှင့် ပရဆေးကုန်ကြမ်းများကို လိုအပ်ချက်များအပေါ်မူတည်၍ လုပ်ငန်းကဏ္ဍနယ်ပယ်များတွင် ရပ်တန့်မှု၊ ဈေးနှုန်းကြီးမြင့်မှုများ မဖြစ်စေရန် နည်းလမ်းတကျ ကြပ်မတ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။
အလားတူ ကုန်သွယ်စီးပွားဆိုင်ရာ တရားဝင်ငွေကြေးစီးဆင်းမှုအတွက် ဘဏ်လုပ်ငန်းများ စနစ်တကျမှန်ကန်မြန်ဆန်စေရန် နှင့် ကုန်သွယ်မှုလုပ်ငန်းစဉ်များ မှန်ကန်မြန်ဆန်စေရန်အတွက် ကော်မတီ၏ ဆောင်ရွက်မှုများအား လိုအပ်သလိုကြီးကြပ်ပြီး ပေါင်းစပ်ညှိနှိုင်းခြင်းများကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးမြထွန်းဦးက ထည့်သွင်းပြောကြားခဲ့သည်။
လက်တလော၌ ပြည်ထောင်စု ကုန်စျေးနှုန်းတည်ငြိမ်ရေး ကော်မတီအနေဖြင့် အခြေခံစားကုန်များဖြစ်သော ဆန်၊ စားသုံးဆီနှင့် မီးဖိုချောင်သုံးပစ္စည်းများ စျေးနှုန်းတည်ငြိမ်ရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရားမဝင်ကုန်သွယ်မှုတွင် ထူးခြားဖြစ်စဉ်အနေဖြင့် ကျပ်(၃)ဘီလျံကျော်တန်ဖိုးရှိ အထောက်အထားမဲ့ပြောင်းဆန်များကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ဟုဆို
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း