အာဖဂန်နစ္စတန်နိုင်ငံတွင် ပြင်းအားမြင့်ငလျင်လှုပ်ခတ်ခဲ့ပြီး အနည်းဆုံးလူ(၂ဝဝဝ)ကျော် သေဆုံးကာ အခြားလူ(၉)ထောင်ကျော် ထိခိုက်ဒဏ်ရာရရှိ
Pika (NSS) - အောက်တိုဘာ ၈
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းတွင် အောက်တိုဘာလ(၇)ရက်က လှုပ်ခတ်ခဲ့သော ပြင်းအား(၆ ဒသမ ၃) မဂ္ဂနီကျုအဆင့်ရှိ ငလျင်ကြောင့် သေဆုံးသူဦးရေမှာ အနည်းဆုံးလူ(၂ဝဝဝ)ကျော်ထိ မြင့်တက်လာခဲ့ပြီး အခြားလူ (၉ဝဝဝ)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအာဏာပိုင်များက ပြောကြားခဲ့သည်။
အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်(၁၃၂၉)လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ထို့အပြင် ငလျင်လှုပ်ခတ်မှုများဖြစ်ပွားပြီးနောက် မိသားစုဝင်များသည် အပျက်အစီးများအောက်တွင် ပိတ်မိနေသော ၎င်းတို့၏ဆွေမျိုးများကို ကယ်ဆယ်နိုင်ရန်အတွက် ညလုံးပေါက်ကြိုးပမ်းခဲ့ကြကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ အဆိုပါငလျင်သည် Herat မြို့အနောက်ဖက် ကီလိုမီတာ (၄ဝ)အကွာတွင် ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြင်းအား(၆ ဒသမ ၃) မဂ္ဂနီကျုအဆင့်ရှိကြောင်း အမေရိကန်ဘူမိဗေဒစစ်တမ်း၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် ပြင်းအား(၄ ဒသမ ၃) နှင့်(၆ ဒသမ ၃) မဂ္ဂနီကျုအဆင့်ကြားရှိ နောက်ဆက်တွဲငလျင်(၈)ခုလည်း လှုပ်ခတ် ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒဌာနစစ်တမ်းက ပြောကြားခဲ့သည်။ ငလျင်ဗဟိုချက်အနီးတွင်ရှိသော Herat ပြည်နယ် Zinda Jan ခရိုင် ကျေးလက်ဒေသတစ်ခုဖြစ်သော Sarboland ရွာတွင် ငလျင်လှုပ်ခတ်ပြီးနောက် နေအိမ်များ ဒါဇင်ချီ ပြိုကျပျက်စီးခဲ့ကြောင်း AFP သတင်းထောက်က ပြောကြားခဲ့သည်။
အသက်(၄၂)နှစ်အရွယ် Bashir Ahmad အမည်ရှိ အမျိုးသားတစ်ဦးက "ကျယ်လောင်တဲ့အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီးတော့ ကျွန်တော် လန့်သွားခဲ့ပါတယ်။ ပထမဆုံးအကြိမ် လှုပ်ခတ်မှုမှာပဲ နေအိမ်အားလုံး ပြိုကျပျက်စီးသွားခဲ့တာပါ။ နေအိမ်တွေထဲမှာ ရှိတဲ့လူတွေအားလုံး အပျက်အစီးတွေ အောက်မှာ ပိတ်မိကုန်ပါတယ်။ ဒီအချိန်အထိ သတင်းမကြားရသေးတဲ့ မိသားစုတွေ ရှိနေပါသေးတယ်" ဟု ပြောခဲ့သည်။
Nek Mohammad ဆိုသည့် အမျိုးသားတစ်ဦးက ၎င်းသည် ပထမဆုံးငလျင်လှုပ်ခတ်ခဲ့သည့် နံနက်(၁၁)နာရီအချိန်တွင် အလုပ်တွင် ရှိနေခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းက "ငလျင်လှုပ်ခတ်ချိန်မှာ နေအိမ်တွေ အားလုံးပြိုကျပျက်စီးသွားတာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ အရာအားလုံးဟာ ပြိုကျပျက်စီးသွားပြီး အပျက်အစီးတွေပဲ ကျန်နေခဲ့တာပါ။ ကျွန်တော်တို့မှာ စောင်တွေ၊ အခြားအရာတွေ တစ်ခုမှမရှိခဲ့ပါဘူး။ ကျွန်တော်တို့ တစ်ညလုံး အပြင်မှာပဲ ထိုင်နေခဲ့ရတာပါ" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မင်းလှမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမတစ်ဦးကို PDF အဖွဲ့က ခြိမ်းခြောက်မှုပြုလုပ်
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း