Hong Kong Performing Arts Expo ကို မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်
ယွန်း (NSS) - စက်တင်ဘာ ၂၆
ပါဝင်ယှဥ်ပြိုင်ရန် ရွေးချယ်ခံရသူများအား အမေရိကန်ဒေါ်လာ(၁၀၀၀၀)ပေးအပ်သွားမည့် Hong Kong Performing Arts Expo ၌ မြန်မာနိုင်ငံအားပါဝင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
အဆိုပါဖိတ်ခေါ်ချက်အား ပြီးခဲ့သည့် စက်တင်ဘာလ(၁၅)ရက်တွင် လက်ခံရရှိခဲ့ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ထုတ်ပြန်ထားသည်။
Hong Kong Performing Arts Expo(HKPAX) သည် တရုတ်နိုင်ငံဟောင်ကောင် အနုပညာဖွံဖြိုးတိုးတက်ရေးကောင်စီက ဟောင်ကောင်ဒေသ အပါအဝင် တရုတ်နိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းမှ အနုပညာရှင်များကြား အပြန်အလှန်ယဥ်ကျေးမှုနှီးနှောဖလှယ်ရေးကို အားပေးမြှင့်တင်ရန်အတွက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကုန်စည်ပြပွဲများ၊ နိုင်ငံတကာအနုပညာပြပွဲများ၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖိတ်ခေါ်ပွဲများ၊ ဟောပြောပွဲများ၊ ကွန်ရက်ချိတ်ဆက်လှုပ်ရှားမှုများကို လာမည့် အောက်တို ဘာလ(၁၄)ရက်မှ (၁၈)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြပွဲတင်ဆက်ရန် တင်ဆက်နိုင်မည့်နေရာကို (၁၀)နေရာသတ်မှတ်ထားပြီး ပါဝင်တင်ဆက်လိုပါက အက၊ ပြဇာတ်၊ စင်တင်ဖျော်ဖြေမှု၊ တေးဂီတများ ပါဝင် တင်ဆက်နိုင်မည်ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါဖျော်ဖြေတင်ဆက်မှု အမျိုးအစားတစ်မျိုးမျိုးကို ပါဝင်တင်ဆက်လိုပါက အနုပညာတင်ဆက်မှုဗီဒီယိုဖိုင်ကို HKPAX ရွေးချယ်ရေးအဖွဲ့သို့ပေးပို့ ယှဥ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ပါဝင်ယှဥ်ပြိုင်ရန် အရွေးချယ်ခံရပါက ရွေးချယ်ခံရသူ(သို့မဟုတ်)အဖွဲ့ကို ခရီးစရိတ်နှင့် နေထိုင်စရိတ်အဖြစ် အမေရိကန်ဒေါ်လာ(၁၀၀၀၀)ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် ရွေးချယ်ခံရသည့် ပြိုင်ပွဲဝင်များသည် ကွမ်းကျိုးနှင့် ရှန့်ကျန့်ပြည်နယ်များကိုပါ လေ့လာရေးခရီးသွားရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ပါဝင်ယှဥ်ပြိုင်မည့် ပြိုင်ပွဲဝင်တစ်ဦးလျှင် အမျိုးအစားတစ်မျိုးသာ ယှဥ်ပြိုင်ရမည်ဖြစ်ပြီး ကြာမြင့်ချိန် (၄၅)မိနစ်မှ မိနစ်(၆၀)အတွင်းရှိသည့် တင်ဆက်မှုကို ဗီဒီယိုရိုက်ပြီး အင်္ဂလိပ်စာတန်းထိုးကာ Full HD MP4 Format(H-264) ဖြင့် ပေးပို့ရန် ထုတ်ပြန်ထားသည်။
HKPAX သို့ ဆက်သွယ်လျှောက်ထားလိုပါက www.hkpax.org.hk မှ တစ်ဆင့် အောက်တိုဘာလ(၃၀)ရက်နောက်ဆုံးထား၍ ဝင်ရောက်လျှောက်ထားရန် အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မကွေး၌ လင်မယားချင်းစကားများရန်ဖြစ်ရာမှ အမျိုးသားဖြစ်သူက ဇနီးဖြစ်သူအား လည်ပင်းညှစ်သတ်မှုဖြစ်ပွား
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ