ယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့် ရုရှားရဲ့ပင်လယ်နက်သင်္ဘောအုပ်စုအကြီးအကဲ ဗိုလ်ချုပ်တစ်ဦး အပါအဝင် ရေတပ်ဖွဲ့ဝင် ၃၄ ဦး ကျဆုံးခဲ့ဟုဆို
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၆
ပြီးခဲ့တဲ့သီတင်းပတ်က ဆီဗက်စတိုပိုလ်ဒေသရှိ ရုရှားပင်လယ်နက် သင်္ဘောအုပ်စုဌာနချုပ်ကို ဒုံးကျည်များနဲ့ တိုက်ခိုက်ခဲ့ရာ ရုရှားရေတပ်ဗိုလ်ချုပ်တစ်ဦး အပါအဝင် ရုရှားတပ်ဖွဲ့ဝင် ၃၃ ဦး သေဆုံးခဲ့ကြောင်း၊ ယူကရိန်း အထူးတပ်ဖွဲ့များက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ပင်လယ်နက်ဒေသရှိ ရုရှား ရေတပ်သင်္ဘောအုပ်စုအကြီးအကဲ ဗိုလ်ချုပ် Viktor Sokolov နဲ့ ရေတပ်အရာရှိများ ကျဆုံးခဲ့တယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနရဲ့ မေးမြန်း မှုတွေကို မှတ်ချက်ပြုပြောဆိုခြင်းမျိုး မရှိသေးကြောင်း သိရပါတယ်။
ယူကရိန်းစစ်ဘက်က ပြောဆိုတဲ့အတိုင်း ရုရှားရေတပ်ဗိုလ်ချုပ်သေဆုံးမှု မှန်ကန်ခဲ့မယ်ဆိုရင် ခရိုင်းမီးယားဒေသကို အရှိန်မြင့်တိုက်ခိုက်နေတဲ့ ယူကရိန်းရဲ့တိုက်ခိုက်မှုတွေ သိသာတဲ့တိုးတက်မှုဖြစ်လာစေခဲ့ကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။
ယူကရိန်းအထူးတပ်ဖွဲ့က "ကျွန်တော်တို့ဟာ ပြီးခဲတဲ့သီတင်းပတ်မှာ ရုရှား ရေတပ်သင်္ဘောအုပ်စုဌာနချုပ်ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်။ ရေတပ်သင်္ဘောအုပ်စုအကြီးအကဲ အပါအဝင် ရုရှားရေတပ်တပ်ဖွဲ့ဝင် ၃၄ ဦး သေဆုံးခဲ့တယ်။ အခြား ၁ဝ၅ ဦး ဒဏ်ရာရခဲ့တယ်။ ရုရှားရေတပ်သင်္ဘောအုပ်စုဌာနချုပ်ကို ပြန်လည် ပြင်ဆင်နိုင် တာမျိုး မရှိသေးဘူး" လို့ ပြောပါတယ်။
ယူကရိန်းရဲ့ အဆိုပါတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ရုရှားဘက်က သတင်းထုတ်ပြန်ခဲ့ရာမှာတော့ ရေတပ်တပ်ဖွဲ့ဝင် တစ်ဦး ပျောက်ဆုံးနေခဲ့ကြောင်း၊ ယူကရိန်းရဲ့ဒုံးကျည်ငါးစင်ကို ပစ်ချနိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ရုရှားရဲ့ ပင်လယ်နက်ဒေသ စစ်သင်္ဘောအုပ်စုကို တိုက်ခိုက်ဖျက်ဆီးနိုင်မယ်ဆိုရင် ယူကရိန်းစစ်ပွဲကို အလျင်အမြန် အဆုံးသတ်နိုင်ဖွယ်ရှိနေကြောင်း ယူကရိန်းစစ်ဘက်က ပြောပါတယ်။
ယူကရိန်းဟာ တန်ပြန်ထိုးစစ်စတင်ခဲ့ပြီးနောက်ပိုင်း ခရိုင်းမီးယားကျွန်းဆွယ်ရှိ ပင်လယ်နက်သင်္ဘောအုပ်စုတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုအရှိန်မြင့်လုပ်ဆောင်လာခဲ့ကြောင်း၊ ဒရုန်းများအပြင် ဒုံးကျည်များကို အဓိကထား အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အခွန်အယူခံခုံအဖွဲ့ရုံးတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ဝန်ထမ်းများခေါ်ယူနေ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း