ကုလသမဂ္ဂ၌ မြန်မာနိုင်ငံအပေါ် ရုရှားနိုင်ငံ၏ ရပ်တည်ချက်နှင့် ထောက်ခံမှုများကို ကျေးဇူးတင်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးပြော
မျိုးကြီး (NSS) - စက်တင်ဘာ ၁၅
ကုလသမဂ္ဂ၌ မြန်မာနိုင်ငံအပေါ် ရုရှားနိုင်ငံ၏ ရပ်တည်ချက်နှင့် ထောက်ခံမှုများကို ကျေးဇူးတင်ရှိကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေက ပြောသည်။
ဝန်ကြီးဦးသန်းဆွေသည် စက်တင်ဘာ ၁၄ ရက်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည့် မြန်မာ-ရုရှားနှစ်နိုင်ငံဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာ-ရုရှားနှစ်နိုင်ငံဆွေးနွေးပွဲကို မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေ ဦးဆောင်အဖွဲ့နှင့် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးမစ္စတာဆာဂျီလတ်ဗ်ရော့ ဦးဆောင်သောအဖွဲ့တို့က ပူးတွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။
၎င်း ဆွေးနွေးပွဲတွင် နှစ်နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး နှင့် ခရီးသွားလုပ်ငန်းများတွင်လည်း ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် စိန့်ပီတာစဘတ်မြို့နှင့် နိုဗိုစီဗစ်မြို့တို့၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ်ရေးတို့ကိုလည်း မြန်မာ-ရုရှားနှစ်နိုင်ငံဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ ပြည်သူအချင်းချင်းထိတွေ့ဆက်ဆံမှု၊ စီးပွားရေးနှင့် ကုန်သွယ်ရေး၊ ဘဏ်လုပ်ငန်း၊ စွမ်းအင်၊ စက်မှု၊ ပညာရေး၊ ပြန်ကြားရေးအစရှိသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးကို ဝန်ကြီးဦးသန်းဆွေနှင့် မစ္စတာဆာဂျီလတ်ဗ်ရော့တို့က အလေးထားဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေက ကုလသမဂ္ဂ၌ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ရုရှားနိုင်ငံ၏မူအရ ရပ်တည်ချက်၊ နားလည်မှုနှင့် ခိုင်မာစွာထောက်ခံမှုများအပေါ် မြန်မာနိုင်ငံအနေဖြင့် ကျေးဇူးတင်ရှိကြောင်း ထည့်သွင်းပြောဆိုခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ထို့တူ ရုရှားနိုင်ငံက ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကာကွယ်ဆေးများ လှူဒါန်းခဲ့ခြင်းနှင့် မိုခါမုန်တိုင်းဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီများ ပေးပို့ခဲ့ခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
လက်ရှိ နစကအစိုးရလက်ထက်တွင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ နှစ်နိုင်ငံဆက်ဆံရေးသည် ပိုမိုကောင်းမွန်လာသည်ကို တွေ့ရှိရပြီး ကာကွယ်ရေးကဏ္ဍအပြင် ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုန်သွယ်ရေးဇုန်/စခန်းများကို တစ်ဖက်နိုင်ငံများကဲ့သို့ နယ်စပ်မျဥ်းအနီး တည်ဆောက်နိုင်ရေးဆောင်ရွက်မည်ဟုဆို
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ