သြဂုတ်လအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန်(၆၀၀၀၀)နီးပါးတင်ပို့ခဲ့
ယွန်း (NSS) - စက်တင်ဘာ ၂
ပြီးခဲ့သည့် သြဂုတ်လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် (၅၉၉၇၁)တန် တင်ပို့ထားခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ စာရင်းအချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ စက်တင်ဘာလ(၁)ရက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါ တင်ပို့မှုများတွင် ဆန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန်ချိန် (၃၃၇၅၅)တန်ရှိခဲ့ပြီး ဆန်ကွဲတင်ပို့မှုသည် မက်ထရစ်တန်ချိန် (၂၆၂၁၆) တန်ရှိကြောင်း သိရသည်။
တင်ပို့မှုများအနက်မှ မက်ထရစ်တန်ချိန် (၅၅၉၇၀)တန်ကို ပင်လယ်ရေကြောင်းမှ တင်ပို့ခဲ့ခြင်းဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးမှ မက်ထရစ်တန်ချိန် (၄၀၀၁)တန် တင်ပို့ခဲ့ကြောင်း အချက်အလက်များအရ သိရသည်။
အဆိုပါ ကာလတွင် ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့မှုအများဆုံးဖြစ်ပြီး စပိန်၊ တရုတ်၊ ပိုလန်နှင့် ဘယ်လ်ဂျီယံ အပါအဝင် နိုင်ငံပေါင်း(၂၃)နိုင်ငံသို့ တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။
အလားတူ ဆန်ကွဲတင်ပို့မှုတွင်လည်း တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ပြီး ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘယ်လ်ဂျီယံ နှင့် နယ်သာလန် အပါအဝင် နိုင်ငံပေါင်း(၁၀)နိုင်ငံသို့တင်ပို့နိုင်ခဲ့ကြောင်း အချက်အလက်များအရ သိရသည်။
သြဂုတ်လအတွင်း ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ(၂၈)သန်းရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လကလည်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် (၅၈၃၃၄)တန် တင်ပို့နိုင်ခဲ့ပြီး အဆိုပါ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ(၂၆)သန်းရရှိခဲ့သည်။
ဆန်စပါးအသင်းချုပ်အနေဖြင့် ဧည့်မထ အုပ်စုဆန်များ၊ ကရင်မ၊ ထွန်းပု၊ ငစိန် စသော ဆန်များ၊ ပေါင်းဆန်များကိုသာ ပြည်ပသို့ အဓိကတင်ပို့လျက်ရှိပြီး ပြည်ပတင်ပို့မှုကို ရပ်နားထားခြင်းမရှိဘဲ ပြည်ပတင်ပို့ရန် ဆန်စုဆောင်းမှု(၁၀၀)ရာခိုင်နှုန်း (Cargo Readiness 100%) ရှိသည့် ကုမ္ပဏီများကို (Pre Shipment Inspection) စနစ်တကျ စိစစ်ပြီး ပို့ကုန်လိုင်စင် ထုတ်ပေးခြင်းကို ဆက်လက်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံရှိ ဘဏ်များ နှင့် ဆက်ဆံရေးအားလုံးကို ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း စင်ကာပူအခြေစိုက် UOB ဘဏ်ထုတ်ပြန်ကြေညာ
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ