ပုဂ္ဂလိကဆေးရုံများ၌ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဆရာဝန်များအနေဖြင့် ဝင်ငွေခွန် (၂)ရာခိုင်နှုန်း ထမ်းဆောင်ရမည်
မြူနစ် (NSS) - သြဂုတ် ၂၆
ပုဂ္ဂလိကဆေးရုံများ၌ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဆရာဝန်များအနေဖြင့် ဝင်ငွေခွန် (၂)ရာခိုင်နှုန်း ထမ်းဆောင်ရမည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အသိပေး ကြေညာလိုက်သည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ယမန်နေ့(သြဂုတ်လ ၂၅ ရက်)တွင် အထက်ပါကဲ့သို့ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများကို အခကြေးငွေပေးချေရာ၌ ငွေထုတ်ပေးရန် တာဝန်ရှိသူသည် ငွေထုတ်ပေးချိန်တွင် ပေးချေငွေအပေါ် ပင်ရင်းမှနုတ်ယူပေးသွင်းသည့် ဝင်ငွေခွန်(၂)ရာခိုင်နှုန်းကို နုတ်ယူ၍ နုတ်ယူထားသည့်နေ့မှ ၁၅ ရက်အတွင်း အခွန်ရုံးသို့ပေးသွင်းရမည်ဟု ဝန်ကြီးဌာနက အသိပေးထားသည်။
“ကျွန်တော် တစ်ယောက်တည်းအမြင်အရတော့ နိုင်ငံမှာပိုက်ဆံဝင်ပြီးတော့ အခွန်မဆောင်ရတဲ့လူတွေအထဲမှာ ကျွန်တော်တို့လို ဆရာဝန်တွေပါတယ်။ နိုင်ငံတော်အခွန်ရဖို့အတွက် လိုအပ်တယ်။ ဖြစ်သင့်တယ်။ အခွန်ဆောင်သင့်တယ်။ ကျွန်တော်လည်းဆောင်မှာပဲ။ ပိုက်ဆံက အရမ်းများပြားတဲ့ ပမာဏလည်း မဟုတ်ဘူး” ဟု ဒေါက်တာပြည့်ထူး (ကာကွယ်ရေးနှင့်အပူပိုင်းဆေးပညာ)က NSS ကို သုံးသပ်ပြောကြားသည်။
ထို့ပြင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများတွင် အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ထားသော ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသို့ လစဉ်ပေးချေသည့် လစာဝင်ငွေဖြစ်ပါက အပိုဒ်ခွဲ(က)အရ ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် ဝင်ငွေခွန်ကို နုတ်ယူပေးသွင်းရန်မလိုအပ်ဘဲ ငွေထုတ်ပေးရန် တာဝန်ရှိသူသည် လစာခေါင်းစဉ်ဖြင့် ဝင်ငွေခွန်ထမ်းဆောင်သည့် နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်ဟု အမိန့်ထုတ်ပြန်ထား သည်။
လစာခေါင်းစဉ်ဖြင့် ဝင်ငွေရရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများမှအပ ကျန်ကျန်းမာရေးစောင့် ရှောက်မှုပေးသူများသည် မိမိတို့ရရှိသည့်ဝင်ငွေအပေါ် ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၇ နှင့်အညီ သတ်မှတ်ကာလအတွင်း နှစ်စဉ်ဝင်ငွေကြေညာလွှာပေးပို့၍ ဝင်ငွေခွန်စည်းကြပ်မှုခံယူရမည်ဟုလည်း ဝန်ကြီးဌာနက အသိပေးထားသည်။
မြို့နယ်အခွန်ဦးစီးဌာနမှူးသည် ဝင်ငွေနှစ်ကုန်ဆုံးပြီးနောက် အခွန်စည်းကြပ်မှုဆောင်ရွက်ရာတွင် ပင်ရင်းမှ နုတ်ယူပေးသွင်းခဲ့သည့် ဝင်ငွေခွန်ကို စည်းကြပ်မှုအရ ကျသင့်ဝင်ငွေခွန်မှ ခုနှိပ်ပေးရမည်ဟုလည်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်တွင် ဖော်ပြထားသည်။
အဆိုပါအမိန့်သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်မှစတင်ကာ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ ပုဂ္ဂလိကကျန်းမာရေးနယ်ပယ်တွင် အထွေထွေရောဂါကုဆေးခန်း (၅၁၂၄)ခု၊ အထူးကုဆေးခန်း (၁၀၀၂)ခု နှင့် အထွေထွေရောဂါကုဆေးရုံ (၂၇၀)ရုံတို့ကို ခွင့်ပြုပေးထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နယ်စပ်ပြဿနာများကို ဖြေရှင်းရန်အတွက် တရုတ်သမ္မတ နှင့် အိန္ဒိယဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ဟုဆို
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ