သာသနာတော် ထိခိုက်ညှိုးနွမ်းစေသည့် ရုပ်ရှင်ဇာတ်လမ်းရိုက်ကူးခဲ့သော ဆွစ်ဇာလန်နိုင်ငံသားနှင့်ပါဝင်ခဲ့သူ (၁၃)ဦးကို ဖမ်းဆီးအရေးယူ
NSS - သြဂုတ် ၁၉
သာသနာတော် ထိခိုက်ညှိုးနွမ်းစေသည့် ရုပ်ရှင်ဇာတ်လမ်းရိုက်ကူးခဲ့သော ဆွစ်ဇာလန်နိုင်ငံသား အပါအဝင် ရိုက်ကူးခဲ့သူ(၁၄)ဦးကို ဖမ်းဆီးအရေးယူထားကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
နစကမှ သြဂုတ်လ(၁၈)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
လူမှုကွန်ရက်စာမျက်နှာများဖြစ်သည့် Isi Dhamma Youtube Channel နှင့် Tiktok တို့တွင် ပြီးခဲ့သည့် ဇူလိုင်လ(၂၄)ရက်က ဗုဒ္ဓဘာသာ၊ သာသနာတော် နှင့် သံဃာတော်များအပေါ် အထင်အမြင်လွဲမှားစေရန် ဖန်တီးပုံဖော်ထားသည့် “ဘာမှမမျှော်လင့်ပါနဲ့”(Don’t expect anything) အမည်ရှိ ဇာတ်လမ်းတွဲ စတင်ပျံ့နှံ့ခဲ့ကြောင်း သိရသည်။
အဆိုပါဇာတ်လမ်းတွဲတွင် အမျိုးသမီးငယ်တစ်ဦးက ဗုဒ္ဓဘာသာဝင်တို့၏ ယဥ်ကျေးမှုထုံးတမ်းအစဥ်အလာများကိုထိခိုက်စေပြီး ရဟန်း၊ သံဃာတော်များ၏ အကျင့်သီလကို ပုတ်ခတ်စော်ကားသော အပြော အဆိုနှင့် ရိုင်းပျသည့် စကားလုံးအသုံးအနှုန်းများကို ထည့်သွင်းပြောဆိုထားကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထို့ကြောင့် ၎င်းဇာတ်လမ်းတွဲတွင် ပါဝင်ခဲ့သူများကို ဥပဒေအရအရေးယူနိုင်ရေးဆောင်ရွက်ခဲ့ရာ သြဂုတ်လ(၈)ရက်တွင် ဇာတ်ညွှန်း၊ ဒါရိုက်တာဖြစ်သူ ဆွစ်ဇာလန်နိုင်ငံသား Didier Nusbaumer နှင့် သရုပ် ဆောင်များဖြစ်သည့် ဆန်းဝင်း(ခ) ဦးဇာနိန္ဒ၊ ယွန်းအိခင်(ခ)ယွန်းယွန်း၊ ဇာနည်ဦး၊ ဝင်းမိုး၊ ကျော်သက်ထွေး (ခ)ဖိုးထူး၊ ရဲလင်းထွန်း (ခ)ကိုရဲ၊ ချမ်းချမ်းမေ(ခ)ခင်ရူပါရှင်းသန့်၊ ရွှေရည်ဝင်း(ခ)ကဲကဲ၊ ကောင်းစံထွန်း(ခ) ကြယ်စင်၊ မိုးပြည့်ပြည့်သူ (ခ)ဂျူးဂျူးစံ၊ ခါတော်မီ(ခ)ခါခါ၊ ဖြိုးမောင်မောင် (ခ)ဂျိုးဆက်သွင်၊ ဉာဏ်လင်းဖြိုး (ခ)ဘရိုင်ယန်စသည့် ၁၄ ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ ဆွစ်ဇာလန်နိုင်ငံသား Didier Nusbaumer သည် “ဘာမှ မမျှော်လင့်ပါနဲ့ (Don’t expect anything)” ဇာတ်လမ်းအား ၎င်းကိုယ်တိုင် ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာ တော်များ၏ သိက္ခာ၊ ကိုယ်ကျင့်တရားများအား ထိခိုက်ကျဆင်းစေသည့် စကားလုံးအသုံးအနှုန်းများဖြင့် ဇာတ်ညွှန်းရေးသား၍ ကိုယ်တိုင်ရိုက်ကူးတည်းဖြတ်ကာ ဇူလိုင်လ (၂၄) ရက်တွင် Isi Dhamma Youtube Channel မှတစ်ဆင့် လွှင့်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်သူများ၏ သရုပ်ဆောင်ချက်၊ ပြောကြားချက်၊ စကားလုံးအသုံး အနှုန်းများသည် ဒါရိုက်တာဖြစ်သူ Didier Nusbaumer ကိုယ်တိုင်ရေးသားထားသော ဇာတ်ညွှန်းများအတိုင်း ပြောဆိုခဲ့ရခြင်းဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
ဇာတ်လမ်းတွဲ၏ အဓိကအခန်းတွင် ပါဝင်သရုပ်ဆောင်သူများအနေဖြင့် ၎င်းတို့ကိုယ်တိုင်ဗုဒ္ဓဘာသာဝင်များဖြစ်ပါလျက် ကိုယ်အမူအရာ၊ နှုတ်အမူအရာဖြင့် ရဟန်းသံဃာတော်များ၏ ဂုဏ်သိက္ခာနှင့် ကိုယ် ကျင့်တရားများကို ထိခိုက်ကျဆင်းစေသည်အထိ ဆင်ခြင်တုံတရားမဲ့စွာ ပြုမူဆောင်ရွက်ခဲ့ကြသည့်အပြင် ကြည့်မြင်ရသည့် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်နှလုံးကိုထိခိုက်စေပြီး ကိုးကွယ်ယုံကြည်မှုနှင့် ဘာသာ၊ သာသနာကိုစော်ကားသည့် အပြုအမူ သက်ရောက်ခဲ့သည်ကို စိစစ်တွေ့ရှိရကြောင်း သိရသည်။
ထို့ကြောင့် ဖော်ပြပါ ဖမ်းဆီးမိသူများကို တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်တက္ကသိုလ်ရှိ ဓာတုဗေဒဌာနတွင် အလူမီနီယံဆာလဖိတ် ယိုစိမ့်မှုဖြစ်ပွား
RELATED POSTS
04 Sep 2024 | ဘာသာရေး,ပြည်တွင်း
22 Jul 2024 | ဘာသာရေး,နိုင်ငံတကာ
02 Jun 2024 | ဘာသာရေး,နိုင်ငံတကာ
29 May 2024 | ဘာသာရေး,ပြည်တွင်း