အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပဋိညာဉ်စာတမ်းပါအချက်များကို လေးစားလိုက်နာရန် နစကဥက္ကဋ္ဌ တိုက်တွန်း
NSS - သြဂုတ် ၈
အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပဋိညာဉ်စာတမ်းပါအချက်များကို လေးစားလိုက်နာရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းလိုက်သည်။
၎င်းက ယနေ့(သြဂုတ်လ ၈ ရက်)တွင် ကျရောက်သည့် (၅၆)နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ၌ အထက်ပါကဲ့သို့ ထည့်သွင်းကာ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် အာဆီယံအသိုက်အဝန်းအခြေပြမြေပုံအကောင်အထည်ဖော်ဆောင်မှု၊ ဒေသဆိုင်ရာပေါင်းစည်းရေး နှင့် အသိုက်အဝန်းတည်ဆောက်ရေးတို့အတွက် အာဆီယံနှင့်အတူ တာဝန်သိအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်နေကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ဥပဒေကြောင်းအရနှင့် ဘဏ္ဍာရေးအပါအဝင် လုပ်ငန်းပိုင်းဆိုင်ရာများ၌ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ဖြည့်ဆည်းရမည့် ဝတ္တရားများကို မပျက်မကွက်ထမ်းဆောင်လျက်ရှိသည်ဟု ၎င်း၏သဝဏ်လွှာ၌ ထည့်သွင်းဖော်ပြထားသည်။
ဆက်လက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခု (၅၆)နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့၌ အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့်ရည်မှန်းချက်များ ပြည့်မီစေရေးအတွက် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ထပ်လောင်း၍ ကတိကဝတ်ပြုထားသည်။
ဒေသတွင်းရှိ ပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရာတွင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါအချက်များကို လေးစားလိုက်နာပြီး အာဆီယံ၏အခြေခံမူများနှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း နစကဥက္ကဋ္ဌက တိုက်တွန်းထားသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း တာဝန်ရှိသည့်အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုသည်ဟုလည်း သဝဏ်လွှာ၌ ဖော်ပြထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက်ပိုင်းတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးများသို့ မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခွင့် မရခဲ့ပေ။
ထိုသို့ မြန်မာနိုင်ငံအပေါ် ချန်လှပ်ထားမှုသည် အာဆီယံပဋိညာဉ်စာတမ်းပါအချက်များကို လိုက်နာမှုမရှိကြောင်း ပြသနေသည်ဟုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့သောကာလများအတွင်း၌ တုံ့ပြန်ခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ သြဂုတ်လ ၈ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပမှ စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း