ထိုင်ဝမ်စစ်ရေးလေ့ကျင့်မှု မစတင်ခင်တရုတ်က ဒါဇင်နှင့်ချီသော စစ်လေယာဉ်များ စေလွှတ်
Pika (NSS) - ဇူလိုင် ၂၂
တရုတ်သည် တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များအပါအဝင် ဒါဇင်နှင့်ချီသော စစ်လေယာဉ်များကို ထိုင်ဝမ် ရေလက်ကြားသို့ စေလွှတ်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထိုင်ဝမ်သည် ဖြစ်နိုင်ချေရှိသော ကျူးကျော်တိုက်ခိုက်မှုများကိုကာကွယ်ရန်အတွက် ရည်ရွယ်သော စစ်ရေး လေ့ကျင့်မှုများကို မလုပ်ဆောင်ခင်ရက်ပိုင်းအလိုတွင် တရုတ်ဖက်က အင်အားပြသသည့်အနေဖြင့် ယခုကဲ့သို့ စေလွှတ်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုင်ဝမ်သည် နှစ်စဉ်ကျင်းပမြဲဖြစ်သော Han Kuang အမည်ရှိ စစ်ရေး လေ့ကျင့်ခန်းကို လာမည့်သီတင်းပတ်တွင် လုပ်ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုများအတွင်း ကျူးကျော်တိုက်ခိုက်မှုများကို ကာကွယ်ရန် နှင့် တိုက်ပွဲဝင်ရန်အတွက် အဆင်သင့်ဖြစ်နေစေရန် လေ့ကျင့်မှုများကို လုပ်ဆောင်သွားမည်ဖြစ်သည်။ ထို့အပြင် နှစ်စဉ်ကျင်းပနေကြဖြစ် သော Wan'an အမည်ရှိ စစ်ရေးလေ့ကျင့်မှုတွင် သဘာဝဘေးအန္တရာယ်အတွက် ပြင်ဆင်ခြင်းများ နှင့် လေကြောင်း မှ တိုက်ခိုက်မှုများရှိလာမည်ဆိုပါက အရပ်သားများအား ဘေးလွတ်ကင်းရာသို့ ရွှေ့ပြောင်းပေးခြင်းတို့ကို လေ့ကျင့်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
တရုတ်စစ်တပ်သည် အင်အားပြသသည့်အနေဖြင့် ဇူလိုင်လ(၂၁)ရက် နံနက်(၆)နာရီမှ ဇူလိုင်လ(၂၂)ရက် နံနက် (၆) နာရီအတွင်း လေယာဉ်(၃၇)စင်း နှင့် စစ်သင်္ဘော(၇)စင်းတို့ကို ထိုင်ဝမ်ရေလက်ကြားအနီးသို့ စေလွှတ်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
တရုတ်၏ တိုက်လေယာဉ်များအနက် J-10 နှင့် J-16 အမျိုးအစား တိုက်လေယာဉ်များ နှင့် H-6 အမျိုးအစား ဗုံးကြဲလေယာဉ်များ အပါအဝင် တိုက်လေယာဉ်(၂၂)စင်းသည် ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်းကိုဖြတ်ကျော် ကာ လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ထိုင်ဝမ်သည် (၁၉၄၉)ခုနှစ်တွင် တရုတ်နိုင်ငံမှ ခွဲထွက်ခဲ့ခြင်းဖြစ်ပြီး ထိုင်ဝမ်ကျွန်းနှင့် ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းနိုင်ရန်အတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင် က ပြောခဲ့သည်။ ထို့အပြင် ထိုင်ဝမ် နှင့် ပြန်လည်ပေါင်းစည်းမှုများ လုပ်ဆောင်ရန်အတွက် အင်အားသုံးဖြေရှင်းရန် လိုအပ်မည်ဆိုပါက အင်အားသုံးသွားမည်ဖြစ်ကြောင်း ရှီကျင့်ဖျင်က သတိပေးပြောဆိုခဲ့သည်။
ပြီးခဲ့သည့်နှစ်များအတွင်း တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးသို့ စစ်လေယာဉ်များ နှင့် စစ်သင်္ဘောများကို စေလွှတ် ခြင်းဖြင့် ထိုင်ဝမ်၏ နိုင်ငံရေးလှုပ်ရှားမှုများကို မနှစ်သက်ကြောင်း ပြသခဲ့သည်။ ပြီးခဲ့သည့်နှစ်ဩဂုတ်လတွင် ထိုင်ဝမ်သို့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပလိုစီလာရောက်လည်ပတ်မှုကို လက်တုံ့ပြန်သည့် အနေဖြင့် တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်ခဲ့သည်။
ထို့အပြင် ထိုင်ဝမ်သမ္မတဆိုင်အမ်ဝမ် နှင့် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက်ကာသီကြား တွေ့ဆုံမှု များကို လက်တုံ့ပြန်သည့်အနေဖြင့် ပြီးခဲ့သည့်ဧပြီလတွင် တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့်မှု များကို ထပ်မံတိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား နိုင်ငံတကာထုံးတမ်းအစဥ်အလာနှင့်အညီ သတ်မှတ်အခကြေးငွေဖြင့် ဖူးမြော်နိုင်ရေး နစက ပြင်ဆင်နေ
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ