ကျောက်တံခါး၌ သက်တော်(၆ဝ)ရှိ သံဃာတော်တစ်ပါး သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခံခဲ့ရပြီး အကြမ်းဖက်သတ်ဖြတ်ခံရသည့် သံဃာတော် (၇၅)ပါးအထိရှိလာ
NSS - ဇူလိုင် ၁ဝ
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၌ သက်တော်(၆၀)ရှိ သံဃာတော်တစ်ပါး သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခံခဲ့ရပြီး အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသော သံဃာတော်သည် (၇၅)ပါးအထိ ရှိလာပြီဖြစ်သည်။
ယမန်နေ့(ဇူလိုင်လ ၉ ရက်) ည ၁ဝ နာရီအချိန်တွင် ကျောက်တံခါးမြို့နယ်၊ စဉ့်အိုးလှကျေးရွာဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေထိုင်လျက်ရှိသော ခန်းနေဆရာတော်ဦးသုဇာတသည် အကြမ်းဖက်သတ်ဖြတ်ခံရကာ ပျံလွန်တော်မူခဲ့ကြောင်း ဒေသခံများက NP News ကို ပြောသည်။
သက်တော် (၆၀)၊ ဝါတော် (၂၅)ဝါရှိပြီဖြစ်သည့် ဆရာတော်ဦးသုဇာတကို အကြမ်းဖက်သမားများက ဘုန်းကြီးကျောင်းအတွင်းသို့ ဝင်ရောက်ကာ သေနတ်ဖြင့် အနီးကပ် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများက ပြောဆိုထားသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဆရာတော်ဦးသုဇာတသည် လည်ပင်းဖောက်ဝင်ဒဏ်ရာ၊ မျက်နှာဖောက်ဝင်ဒဏ်ရာများ ရရှိခဲ့ကာ အခင်းဖြစ်ပွားရာနေရာ၌ပင် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
“မနေ့ညက (၁၀)နာရီလောက်ကဖြစ်သွားတာ။ ကျောင်းထိုင်ဦးဇင်းတော့မဟုတ်ဘူး။ ခန်းနေဦးဇင်းကို သတ်သွားတာ။ ဒီနေ့ သဂြိုလ်လိုက်ပြီလို့ သိရတယ်။ သေနတ်နဲ့ ဝင်ပစ်သွားတာပါ။ အဲဒီကျောင်းက ကျောင်းထိုင်ဆရာတော်ကြီးကိုတော့ အဲဒီကျောင်းမှာ မနေနဲ့ဆိုပြီး ကျောက်တံခါးမြို့ပေါ်ကိုပင့်ထားတာ (၁၀)ရက်လောက်ရှိပြီ။ ခန်းနေဦးဇင်းပဲကျောင်းမှာ ကျန်ခဲ့တဲ့ အချိန် အဲဒီလိုဖြစ်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
အကြမ်းဖက်သတ်ဖြတ်ခံရမှုကြောင့် ပျံလွန်တော်မူခဲ့သော ဆရာတော်ဦးသုဇာတအား ယနေ့(ဇူလိုင်လ ၁၀ ရက်)တွင် မီးသဂြိုလ်လိုက်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ အကြမ်းဖက် PDF အဖွဲ့များ၏ အကြမ်းဖက်သတ်ဖြတ်ခြင်းခံခဲ့ရသည့် သံဃာတော်အရေအတွက်သည် (၇၅)ပါးအထိ ရှိလာပြီဖြစ်သည်။
“ဒီလုပ်ကြံသတ်ဖြတ်အကြမ်းဖက်တာတွေက ယဉ်ကျေးမှု၊ သမိုင်းဆိုင်ရာ ကျွန်တော်တို့ အမျိုးသားသရုပ်လက္ခာတွေ အားလုံးအပေါ်မှာ ရိုက်ခတ်မှုကြီးကြီးမားမားရှိတယ်။ ယုံတောင် မယုံနိုင်တဲ့အနေအထား ဖြစ်ဖြစ်လာတာပေါ့ဗျာ။ ဒါတွေက ဖြစ်သင့်၊ မဖြစ်သင့်ဆိုရင် မဖြစ်သင့်ဘူးပေါ့ဗျာ။ မဖြစ်သင့်တဲ့ဟာကို ဖြစ်အောင်လုပ်နေကြတဲ့ ပုဂ္ဂိုလ်တွေဘက်က ကျွန်တော်တို့ရဲ့ လာမယ့်အနာဂတ်၊ လာမယ့်နိုင်ငံတော်တည်ဆောက်ရေးကို တွေးပြီးတော့ ရပ်စေချင်တယ်” ဟု ရခိုင့်ဦး ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က NP News ကို သုံးသပ်ပြောဆိုထားသည်။
လက်ရှိ မြန်မာနိုင်ငံ၌ ဖြစ်ပွားနေဆဲ ပဋိပက္ခများအတွင်း၌ သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ အရပ်သား ပြည်သူများ စုစုပေါင်း (၆၀၀၀)ကျော်မှာ အကြမ်းဖက်သတ်ဖြတ်ခြင်းကို ခံထားရသည်။
၎င်းကဲ့သို့ ပြည်သူများ အကြမ်းဖက်သတ်ဖြတ်ခံနေရမှုအပေါ် နိုင်ငံတော် တာဝန်ရယူထားသည့် နစကအနေဖြင့် ထိရောက်စွာ အကာအကွယ်ပေးနိုင်ခြင်း မရှိသကဲ့သို့ အကြမ်းဖက်အဖွဲ့များအနေဖြင့်လည်း ရက်စက်စွာ သတ်ဖြတ်နေမှုများကို ရပ်တန့်ခြင်း မရှိသေးကြောင်း တွေ့ရှိနေရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်ဖြူမြို့တွင် ရေနစ်သေဆုံးသွားသည့် ဆယ်ကျော်သက်အရွယ်ကလေးငယ်နှစ်ဦး၏ ရုပ်အလောင်းကို နှစ်ရက်အကြာ၌ ပြန်လည်တွေ့ရှိ
RELATED POSTS
18 Sep 2024 | ဘာသာရေး,ပြည်တွင်း
04 Sep 2024 | ဘာသာရေး,ပြည်တွင်း
22 Jul 2024 | ဘာသာရေး,နိုင်ငံတကာ
02 Jun 2024 | ဘာသာရေး,နိုင်ငံတကာ