သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်အတွက် ဂျပန်နိုင်ငံမှယန်းငွေ (၉)သိန်းတန်ဖိုးရှိ ဆေးဝါးဆိုင်ရာပစ္စည်း (၂၅)မျိုး ပေးအပ်လှူဒါန်း
စော (NSS) - ဇွန် ၂၉
ဂျပန်နိုင်ငံမှ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)အတွက် ယန်းငွေ (၉)သိန်းတန်ဖိုးရှိ ဆေးဝါးဆိုင်ရာပစ္စည်း (၂၅)မျိုးကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံနှင့် ဆေးဝါးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများဆောင်ရွက်ရာ၌ အထောက်အကူဖြစ်စေရန်အတွက် Japan Medical and Dental Network (JMDN)မှ တိုကျိုမြို့ရှိ မြန်မာသံရုံး၌ ဆေးဝါးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ (JMDN)၏ Executive Director ဖြစ်သည့် Dr. Nagato Natsumeက ဇွန်လ (၂၆)ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်)အတွက် ယန်းငွေ (၉၁၃,၁၅ဝ) တန်ဖိုးရှိ ဆေးဝါးဆိုင်ရာ ထောက်ပံ့ပစ္စည်း (၂၅)မျိုးကို ပေးအပ်လှူဒါန်းခဲ့ရာ သံအမတ်ကြီးဦးစိုးဟန်က လက်ခံခဲ့ကြောင်း သိရသည်။
ယခင်ကလည်း ၎င်းအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းကာ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအား မြန်မာနိုင်ငံသို့ ပို့ဆောင်ခဲ့ပြီး နှုတ်ခမ်းကွဲနှင့် မွေးရာပါ အာခေါင်ကွဲသူများကို အခမဲ့ ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် Japan Cleft Palate Foundation ( JCPF ) နှင့် ပူးပေါင်း၍လည်း သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါများအား ကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ ဂျပန်နိုင်ငံရှိ မြန်မာလူမှုအဖွဲ့အစည်းနှင့် မြန်မာနိုင်ငံရှိ ကျောင်းများအတွက် မြန်မာဘာသာဖြင့် ပြန်ဆိုထားသော နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် ပတ်သက်သည့် ကျန်းမာရေး ပညာပေးစာအုပ်များကိုလည်း မြန်မာသံရုံးမှတစ်ဆင့် လှူဒါန်းခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းရှိ တံတားတစ်စင်းမိုင်းခွဲခံရ၊ နိုင်ငံတစ်ဝှမ်း လမ်းတံတားပေါင်း ၈ဝဝ ကျော် ဖျက်ဆီးခံထားရ
RELATED POSTS
07 Sep 2024 | ပညာရေး,ပြည်တွင်း
29 Aug 2024 | ပညာရေး,ပြည်တွင်း