ရှေ့သို့ချီပါတီခေါင်းဆောင် ဝန်ကြီးချုပ်မဖြစ်ရင် ဖြစ်လာနိုင်တဲ့ဆန္ဒပြပွဲများကို ဖြိုခွင်းဖို့ ထိုင်းစစ်တပ် နဲ့ ရဲတပ်ဖွဲ့များ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေ
ဂျန်ဇက် (NSS) - ဇွန် ၂၆
ရှေ့သို့ချီပါတီခေါင်းဆောင်ပီတာရဲ့ ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံရေး ကြိုးပမ်းမှုမအောင်မြင်ဘူးဆိုရင် ဖြစ်လာနိုင် ဖွယ်ရှိနေတဲ့ ဆန္ဒပြပွဲကိုဖြိုခွင်းဖို့ ထိုင်းရဲတပ်ဖွဲ့ နဲ့ ထိုင်းစစ်တပ်တို့ဟာ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း သိရပါတယ်။
ရှေ့သို့ချီပါတီဟာ ပါတီခေါင်းဆောင်ဖြစ်သူပီတ လင်ဂျာရိုအမ်ရက်ကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်နိုင်ဖို့ အခြား အနိုင်ရပါတီ ၇ ပါတီနဲ့ ပူးပေါင်းထားပေမယ့် ဝန်ကြီးချုပ်ဖြစ်ဖို့ သတ်မှတ်ထားတဲ့ မဲအရေအတွက်ကို မရသေး ကြောင်း သိရပါတယ်။
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရဖို့ လွှတ်တော်နှစ်ရပ်ပေါင်းရဲ့ထောက်ခံမဲ ၃၇၆ မဲရဖို့ လိုအပ်နေပေမယ့် ရှေ့သို့ချီပါတီ ဦးဆောင်တဲ့ ၈ ပါတီ ညွှန်ပေါင်းအဖွဲ့ဟာ လက်ရှိအချိန်မှာ လွှတ်တော်အတွင်း ထောက်ခံမဲ ၃၁၃ မဲသာ ရရှိထားကြောင်း သိရပါတယ်။ ပီတာဟာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရဖို့ ထိုင်းစစ်တပ် က ခန့်ထားတဲ့ အထက်လွှတ်တော်ကိုယ်စားလှယ်များရဲ့ထောက်ခံမဲ အနည်းဆုံး ၆၃ မဲရဖို့လိုအပ်နေရာ အထက် လွှတ်တော်ကိုယ်စားလှယ်များက ပီတာကို မဲမပေးခဲ့ဘူးဆိုရင် ရှေ့သို့ချီပါတီ အပါအဝင် ၈ ပါတီညွှန်ပေါင်းပါတီဝင် များ၊ အားပေးထောက်ခံသူများက အကြမ်းဖက်မှုများ၊ ဆန္ဒပြပွဲများ ပြုလုပ်လာဖွယ်ရှိနေကြောင်း သိရပါတယ်။
ထိုင်းလွှတ်တော်အသစ်ကို လာမယ့်လအစောပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားပြီး ဇူလိုင်လအတွင်းမှာပဲ ထိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်အသစ်ကို ရွေးချယ်ဖွယ်ရှိနေကြောင်း သိရပါတယ်။ ထိုင်းရွေးကောက်ခံအောက်လွှတ်တော်အမတ် ပေါင်း ၅ဝဝ ဟာ လာမယ့်ဇူလိုင် ၃ ရက်မှာ ကျမ်းသစ္စာကျိန်ဆိုရမှာ ဖြစ်ပါတယ်။
ထိုင်းအောက်လွှတ်တော်အထွေထွေအတွင်းရေးမှူးချုပ် Pornpit Phetcharoen က မေလအတွင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၅ဝဝ ဟာ ဇူလိုင် ၃ ရက်နေ့မှာ ကျမ်းသစ္စာကျိန် ဆိုပြီး ဇူလိုင် ၄ ရက်နေ့ကစတင်ကာ အောက်လွှတ်တော်ဥက္ကဋ္ဌ၊ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ နှစ်ဦး ရွေးချယ် ရေးကို စတင်လုပ်ဆောင်ရမှာဖြစ်ပါတယ်။
လွှတ်တော်နှစ်ရပ်ပေါင်း အစည်းအဝေးကို လာမယ့်ဇူလိုင် ၁၃ ရက်မှာ ကျင်းပမှာဖြစ်ပြီး အဲဒီနေ့နောက်ပိုင်းမှသာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ရေးကို လုပ်ဆောင်နိုင်ဖွယ်ရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပမှ (၂၄) နာရီအတွင်း စိတ်ဝင်စားဖွယ်သတင်းများအား စုစည်းတင်ဆက်ခြင်း
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း