မဲစာရင်းပြုစုခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းများ၌ နိုင်ငံရေးပါတီများကို ပူးပေါင်းဆောင်ရွက်ခွင့်ပြုမည်ဖြစ်၍ ကြိုတင်ပြင်ဆင်ထားရန် UEC ဥက္ကဋ္ဌအသိပေး
မျိုးကြီး (NSS) - ဇွန် ၂ဝ
မဲစာရင်းပြုစုခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းများ၌ နိုင်ငံရေးပါတီများကို ပူးပေါင်းဆောင်ရွက်ခွင့်ပြုမည်ဖြစ်၍ ကြိုတင်ပြင်ဆင်ထားရန် UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောသည်။
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ယမန်နေ့(ဇွန်လ ၁၉ ရက်)တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ နယ်မြေခံတပ်ဧည့်ရိပ်သာ၌ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ(KKDUP)နှင့် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီတို့မှ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်တွေ့ဆုံစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ် သည်။
မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများအနေဖြင့် ကော်မရှင်က ထုတ်ပြန်ထားသည့် ဘဏ္ဍာရေးစည်း မျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း စုဆောင်ရမည့် ပါတီဝင် အင်အား၊ ဖွင့်လှစ်ရမည့် ပါတီရုံးခန်းများကို အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် ဥက္ကဋ္ဌက ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့ပြင် အချိုးကျကိုယ်စားပြုစနစ်ဖြင့် ကျင်းပမည့်ရွေးကောက်ပွဲများတွင် တိုင်းရင်းသားဒေသများအလိုက် ရွေးကောက်တင်မြှောက်ခြင်းခံရပြီး ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများ၌ ပါဝင်ဆောင်ရွက်နိုင်ရေး ကြိုးစားရန်လည်း ၎င်းက တိုက်တွန်းထားသည်။
ယခင်ရွေးကောက်ပွဲ၌ ဖြစ်ပေါ်ခဲ့သော မဲမသမာမှုများကို သုံးသပ်ပြီး သက်ဆိုင်ရာလွှတ်တော် ရွေး ကောက်ပွဲဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ပြဌာန်းနိုင်ရေး ဆောင်ရွက်နေကြောင်း ရွေးကောက်ပွဲကော်မရှင်က ဆိုထားသည်။
၎င်းဥပဒေ၊ နည်းဥပဒေများ အတည်ပြုပြဋ္ဌာန်းပြီးပါက နိုင်ငံရေးပါတီများအနေဖြင့် ဥပဒေနှင့်အညီ ပူးပေါင်းဆောင်ရွက်ရေး၊ မဲစာရင်းပြုစုခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းစဉ်များတွင်လည်း ပါတီများကို ပူးပေါင်းဆောင်ရွက်ခွင့်ပြုမည်ဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင်ထားရန်လည်း ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက အသိပေးပြောဆိုထားသည်။
လက်ရှိတွင် နစကအစိုးရအနေဖြင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပမည့်အချိန်ကို အတိအကျပြောဆိုထုတ်ပြန်ခြင်းမျိုး မရှိသေးသည့်အပြင် နိုင်ငံရေးပါတီအချို့ကလည်း ရွေးကောက်ပွဲကျင်းပမည့်အချိန်အပေါ် မေးခွန်းထုတ်မှုများ ရှိနေသည်။
နစက၏ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများကို အသစ်ပြန်လည်ပြဋ္ဌာန်းခဲ့သည်။
၎င်းဥပဒေ၊ နည်းဥပဒေများအရ မှတ်ပုံတင်ပြန်လျှောက်ထားခြင်းမရှိသည့် NLD၊ SNLD ပါတီအပါအဝင် နိုင်ငံရေးပါတီပေါင်း (၄ဝ)သည်လည်း ဖျက်သိမ်းခြင်းခံထားရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယခုဘဏ္ဍာနှစ် (၂)လကျော်အတွင်း ပြည်ပသို့ပဲတီစိမ်းတန်ချိန်(၁)သိန်းကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ (၇၇)သန်းနီးပါး ဝင်ငွေရရှိ
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ