သမ္မတအဖြစ်တာဝန်ယူနေချိန်တွင်း ကျန်းမာရေးမကောင်းပါက ရာထူးမှချက်ချင်းအနားယူမည်ဟု ဒေါ်နယ်ထရမ့် ပြော
ဂျန်ဇက် (NSS) - ဩဂုတ် ၂
အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့်သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း ကျန်းမာရေးမကောင်းမွန်ပါက သမ္မတရာထူးမှ ချက်ချင်းနုတ်ထွက်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ဒေါ်နယ်ထရမ့်သည် ချီကာဂိုမြို့တွင်ကျင်းပခဲ့သော အစည်းအဝေးတစ်ခုအတွင်း ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဒေါ်နယ်ထရမ့်သည် လာမည့်နိုဝင်ဘာလအတွင်း ကျင်းပမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ရီပတ်ဘလီကန်ပါတီ၏သမ္မတလောင်းအဖြစ် ရွေးချယ်ခံထားရကြောင်းသိရသည်။ ဒေါ်နယ်ထရမ့်သည် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် သမ္မတတာဝန်များပြီးဆုံးအောင်တာဝန်ထမ်းဆောင်ချိန်တွင် ၎င်း၏အသက်က ၈၂ နှစ်အရွယ်ရှိနေမည်ဖြစ်သည်။
ဒေါ်နယ်ထရမ့်က "ကျွန်တော်ဟာ သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံရပြီးနောက် တာဝန်တွေကို ထမ်းဆောင်နေချိန်အတွင်း ကျန်းမာရေးမကောင်းတာမျိုးဖြစ်လာမယ်ဆိုရင်တော့ သမ္မတတာဝန်ကနေ နုတ်ထွက်သွားမယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး နေထိုင်ရတာမကောင်းဘူးလို့ ယူဆမယ်ဆိုရင် သမ္မတတာဝန်က နုတ်ထွက်သွားမယ်"ဟုပြောသည်။ ဒေါ်နယ်ထရမ့်သည် လက်ရှိအချိန်တွင် အသက် ၇၈ နှစ်အရွယ်ရှိနေပြီး မကြာသေးမီက ပြုလုပ်ခဲ့သော မဲဆွယ်စည်းရုံးပွဲအတွင်း လုပ်ကြံပစ်ခတ်ခံရသော်လည်း အသက်ရှင်လွတ်မြောက်ခဲ့ကြောင်းသိရသည်။
ဒေါ်နယ်ထရမ့်လုပ်ကြံခံရပြီးနောက် သီတင်းပတ်တစ်ပတ်အကြာတွင်အသက် ၈၁နှစ်အရွယ်ရှိ သမ္မတ ဂျိုးဘိုင်ဒန်သည် သမ္မတရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်မည့် အစီအစဉ်မှ နုတ်ထွက်သွားခဲ့ကြောင်းသိရသည်။ လက်ရှိသမ္မတဂျိုးဘိုင်ဒန်သည် အသက် ၈၁ နှစ်အရွယ်ရှိနေရာ ကျန်းမာရေးနှင့် ကြံ့ခိုင်မှုပိုင်းကောင်းမွန်မှုမရှိတော့ကြောင်း၊ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုမရှိတော့ကြောင်း ဝေဖန်ပြစ်တင်မှုများရှိနေသည်။
ဂျိုးဘိုင်ဒန်သည် စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအပြည့်အဝမရှိသော်လည်း သမ္မတရာထူးမှနုတ်ထွက်မည်မဟုတ်ဘဲ သက်တမ်းကုန်ဆုံးချိန်အထိ တာဝန်ယူမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ ဒေါ်နယ်ထရမ့်သည် ဇွန်လအတွင်းက သမ္မတဂျိုးဘိုင်ဒန်နှင့်ပြုလုပ်ခဲ့သော စကားစစ်ထိုးပွဲတွင် ကြံ့ခိုင်မှုနှင့်စိတ်ပိုင်းဆိုင်ရာအခြေနေများကောင်းမွန်ကြောင်း ပြသနိုင်ခဲ့သော်လည်း ဂျိုးဘိုင်ဒန်က ပြသနိုင်ခြင်းမျိုးမရှိခဲ့ကြောင်း အမေရိကန်မီဒီယာများကဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့တွင် တပ်မတော်ရဟတ်ယာဉ်တစ်စင်း စက်ချို့ယွင်း၍ မတော်တဆဖြစ်ပွားခဲ့ရာ အရာရှိ(၂)ဦး ကွယ်လွန်
RELATED POSTS
06 Sep 2024 | ကျန်းမာရေး,နိုင်ငံတကာ
31 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ
27 Aug 2024 | ကျန်းမာရေး,ပြည်တွင်း
26 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ