နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကို မနက်ဖြန်တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် တာဝန်ရှိသူများတက်ရောက်မည်
စော (NSS) - ဧပြီ ၅
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ရှိ နဂါးနှစ်ကောင်ကျောင်းတိုက်ဦးစီးပဓါနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသီရိ၏ အန္တိမအဂ္ဂိဈာပန ပူဇာသဘင်အခမ်းအနားကို မနက်ဖြန် (ဧပြီလ ၆ရက်)တွင် ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် တာဝန်ရှိသူများတက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးသည် ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၈ ရက်)က တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ နဂါးနှစ်ကောင်ကျောင်းတိုက်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကာ ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်ကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီးတို့က အဆိုပါနေ့ မွန်းလွဲပိုင်းတွင် သွားရောက် ဖူးမြော်ကြည်ညိုခဲ့ကြသည်။
ဆရာတော်ကြီး ပျံလွန်တော်မူချိန်တွင် သက်တော် (၉၇)နှစ်၊ ဝါတော် (၇၇)ဝါရှိပြီဖြစ်ကာ (၉၆)ပါးရောဂါဖြင့် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကာ ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန ပူဇာသဘင်ကို ဟောင်လိတ်စက်မှုဇုန်အနီး၊ တာချီလိတ်-မိုင်းဖုန်း သွားလမ်းနှင့်မြို့ပတ်လမ်းထောင့်တွင် ဧပြီလ ၆ ရက်၌ စည်ကားသိုက်မြိုက်သွား ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“ဘယ်နေရာနဲ့ဘယ်နေရာ ဆွေတော်မျိုးတော်တွေခွဲ အဲဒီလို လမ်းလျှောက်သွားမှာ။ လမ်းလျှောက်ပြီးတော့ အစီအစဉ်နဲ့သွားမှာပေါ့။ ကွင်းရောက်ဖို့ ၂နာရီလောက်ကြာမှာ။ ဒါကနိုင်ငံတော်သံဃာမဟာနာယကဆိုတော့ နိုင်ငံတော်အဆင့်၊ နိုင်ငံတော်အကြီးတွေအကဲတွေလာမှာပေ့ါ” ဟု တာချီလိတ်မြို့ခံတစ်ဦးက NSS ကိုပြောသည်။
ဆရာတော်ကြီး၏ ဈာပနအခမ်းအနားကို ကျင်းပမည်ဖြစ်ရာ တာချီလိတ်မြို့၊ ဗိုလ်ချုပ်လမ်းမကြီးနှင့် ဈာပနကွင်း သွားရာလမ်းတစ်လျှောက်ရှိ ဈေးဆိုင်များကို ဧပြီ ၅ရက်နေ့နှင့် ဧပြီ ၆ရက်နေ့တို့တွင် ဈေးရောင်းချခွင့်မပြုရန် တာချီလိတ်မြို့ စည်ပင်သာယာရေးဌာနမှ ကြေညာထားကြောင်း သိရသည်။
နဂါးနှစ်ကောင်ဆရာတော်ကြီးသည် နိုင်ငံတော် သြဝါဒစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဂုဏ်ထူး ဆောင် ပါရဂူဘွဲ့တံဆိပ်များကို ရရှိထားသော ဆရာတော်ကြီးတစ်ပါးဖြစ်သည်။ နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ကြီးကို မြန်မာသက္ကရာဇ် (၁၂၉၀)ပြည့်နှစ်၊ နတ်တော်လပြည့်ကျော် (၉)ရက်တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ယန်းကိန်ကျေးရွာ၌ ဖွားမြင်ခဲ့ပြီး (၁၂၉၉)ခုနှစ်၊ တပေါင်းလဆန်း(၁၅)ရက်တွင် ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်း တိုက်ဆရာတော်ထံတွင် “ရှင်ရှဲန်လာ” အမည်ဖြင့် သာမဏေ အဖြစ်ခံယူခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အပူချိန်မြင့်တက်လာသည့်အတွက် အပူရှပ်၍ သတိလစ်သူများ အပါအဝင် အကူအညီလိုအပ်သူများလည်းရှိလာ
RELATED POSTS
04 Sep 2024 | ဘာသာရေး,ပြည်တွင်း
22 Jul 2024 | ဘာသာရေး,နိုင်ငံတကာ
02 Jun 2024 | ဘာသာရေး,နိုင်ငံတကာ
29 May 2024 | ဘာသာရေး,ပြည်တွင်း