လစ်လပ်နေသည့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဆရာတော်အဖြစ် သန်လျင်မင်းကျောင်းဆရာတော်ကြီးအား ရွေးချယ်တင်မြှောက်
ယွန်း (NSS) - မတ် ၁၀
လစ်လပ်နေသည့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဆရာတော်အဖြစ် သန်လျင်မင်းကျောင်းဆရာတော်ကြီးအား ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေတွင် မတ်လ(၉)ရက်က ကျင်းပခဲ့သည့် အဋ္ဌမ အကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဆဋ္ဌမအစည်းအဝေး ဒုတိယနေ့တွင် အထက်ပါကဲ့သို့ ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အစည်းအဝေး၌ လစ်လပ်လျက်ရှိသော နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဥက္ကဋ္ဌ နေရာအတွက် ပရိယတ္တိ ဝိသာရဒဂုဏ်၊ ပိဋကတ္ထယဆေကဂုဏ်၊ ပိယဂုဏ်၊ ဂရုဂုဏ်၊ ဘာဝနီယဂုဏ်၊ ဗျတ္တပဋိဗလဂုဏ်တို့နှင့် ပြည့်စုံတော် မူသော သက်တော်(၇၇)နှစ်၊ သိက္ခာတော် (၅၇) ဝါရှိသည့် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသအား နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌဆရာတော်အဖြစ် တင်မြှောက် ပေးတော်မူရန် အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။
သန်လျင်မြို့မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၏ လက်ရှိ အကျိုးတော်ဆောင်ဥက္ကဋ္ဌသည် ဗန်းမော်ဆရာတော်ကြီးနှင့်တွဲဖက်၍ အကျိုးတော်ဆောင်ဆရာတော်အဖြစ် ရှစ်နှစ် တိုင်တိုင် သံဃာ့အဖွဲ့အစည်းကြီးကို ဦးဆောင်ဦးရွက်ပြုခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံရှိ သံဃာထုတစ်ရပ်လုံးသာမက ထေရဝါဒနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံများကပါ အလေး ဂရုပြုလေးစားကြည်ညိုမှု ခံယူရရှိတော်မူသော ဆရာတော်ကြီးတစ်ပါးလည်း ဖြစ်သည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌအဖြစ်ရွေးချယ်တင်မြှောက်ခံခဲ့ရသည့် သန်လျင်မင်းကျောင်း ပထမပြန်စာ သင်တိုက်၊ ပဓာနနာယကဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာ ဘိဝံသသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန) သည် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် အဆင့် အမြင့်ဆုံး သံဃအဖွဲ့အစည်းဖြစ်ကာ ဥက္ကဋ္ဌဆရာတော်ကြီးဖြစ်သည့် ဗန်းမော်ဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန် တော်မူပြီးနောက် အဆိုပါရာထူးနေရာ လစ်လပ်နေခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်း၏ ဒရုန်း(၄၇)စင်းကို အောင်မြင်စွာ ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ရုရှားစစ်ဘက်ပြော
RELATED POSTS
04 Sep 2024 | ဘာသာရေး,ပြည်တွင်း
22 Jul 2024 | ဘာသာရေး,နိုင်ငံတကာ
02 Jun 2024 | ဘာသာရေး,နိုင်ငံတကာ
29 May 2024 | ဘာသာရေး,ပြည်တွင်း