မွတ်ဆလင်ဥပုသ်လမတိုင်မီ ဆူဒန်တွင် အပစ်အခတ်ရပ်စဲရန် ကုသမဂ္ဂက ဆုံးဖြတ်ချက်မူကြမ်း ချမှတ်
ALynn (NSS) - မတ် ၇
ဗြိတိန်သည် မွတ်ဆလင်ဥပုသ်လမတိုင်မီ ပဋိပက္ခများဖြစ်ပွားနေသော ဆူဒန်နိုင်ငံတွင် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက် မူကြမ်းနှင့်အညီ ချက်ချင်းအပစ်အခတ်ရပ်စဲရန် တောင်းဆိုလိုက်သည်။ အဆိုပါမူကြမ်းတွင် အထူးသဖြင့် ဆူဒန် နိုင်ငံ၊ ဒါဖာဒေသတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများ၊ ဆိုးရွားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ၊ စားနပ်ရိက္ခာမလုံလောက်သည့်အခြေအနေများကို ဖော်ပြထားသည်။
ဥပုသ်လသည် တနင်္ဂနွေနေ့တွင် စတင် နိုင်ချေရှိပြီး လုံခြုံရေးကောင်စီသည် ထိုမူကြမ်းအား သောကြာနေ့လောက် တွင် မဲခွဲဆုံးဖြတ်နိုင်ချေရှိနေသည်။
ဗိုလ်ချုပ် Abdel Fattah Burhan ဦးဆောင်သည့် အစိုးရစစ်တပ်နှင့် Mohammed Hamdan Dagalo ဦးဆောင် သော စင်ပြိုင်စစ်တပ် (Rapid Support Forces- RSF) တို့အကြားတင်းမာမှုများသည် ပြီးခဲ့သော ဧပြီလမှစ၍ မြို့တော်ခါတွန်၏ လမ်းမများထက်တွင် တိုက်ပွဲများအဖြစ် ဦးတည်စေခဲ့ပြီး ဆူဒန်နိုင်ငံသည် ဖရိုဖရဲအခြေအနေ ဆိုက်ရောက်ခဲ့ရသည်။
တိုက်ပွဲများသည် တစ်နိုင်ငံလုံးပျံ့နှံ့ခဲ့ပြီး အထူးသဖြင့် မြို့ပြများတွင် အဖြစ်များခဲ့သည်။ ထို့ပြင် ဆူဒန်အနောက်ပိုင်း ဒေသ၊ ဒါဖာတွင် အာရပ်တို့ကြီးစိုးသော RSF တပ်များက ဒေသခံ အာဖရိကန်လူမျိုးများကို ရက်ရက်စက်စက် တိုက်ခိုက်နေခြင်းကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရသည်။
ဒါဖာဒေသသည် လူမျိုးသုဉ်းသတ်ဖြတ်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် ပြည့်နှက်နေသည်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး၏ ရှေ့နေ Karim Khan က “ပဋိပက္ခဖြစ်ပွားနေသော နှစ်ဖက်စလုံးသည် ဒါဖာဒေသတွင် လူမျိုးသုဉ်း သတ်ဖြတ်ခြင်းဆိုင်ရာအပြုအမူများကို ကျူးလွန်နေကြောင်း” ဇန်နဝါရီလက ထုတ်ဖော်ပြောကြားခဲ့သည်။
ကုလသမဂ္ဂစားနပ်ရိက္ခာအေဂျင်စီအရာရှိက “ကမ္ဘာကြီးသည် အစ္စရေး-ဟားမက်စ်စစ်ပွဲကိုသာ အာရုံစိုက်နေခြင်း ကြောင့် ဆူဒန်ပဋိပက္ခသည် ကမ္ဘာ့အဆိုးရွားဆုံးငတ်မွတ်ခေါင်းပါးမှုအကျပ်အတည်းဆီသို့ ဦးတည်သွားနိုင် ကြောင်း” သတိပေးခဲ့သည်။
ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်မူကြမ်းတွင် “ဆူဒန်ပဋိပက္ခအဆုံးသတ်ရေးဒေသတွင်းနှင့် နိုင်ငံတကာက ပူးပေါင်း ဆောင်ရွက်မှုအင်အားများ ခိုင်မာအားကောင်းရန်လိုအပ်နေပြီး နိုင်ငံအတွင်းတွင် အရပ်သားဦးဆောင်သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဦးတည်စေလိုကြောင်း” ဖော်ပြထားသည်။
လုံခြုံရေးကောင်စီက ထုတ်ပြန်သောအစီရင်ခံစာတွင် ဒါဖာဒေသ၌ RSF တို့၏ ရက်စက်ကြမ်းကြုတ်မှုများကို ပုံဖော်ထားပြီး ဒါဖာဒေသရှိ ပြည်နယ် ၅ ခု အနက် ၄ ခုကို RSF တို့ ထိန်းချုပ်ထားနိုင်အောင် နောက်ကွယ်မှ ပံ့ပိုးပေးနေသော ငွေကြေးကွန်ယက်များနှင့် ပါဝင်ပတ်သက်နေသည့်ကုမ္ပဏီများကိုလည်း ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပျူနိုင်ငံ ပျက်သုဉ်းခြင်းနှင့် မြန်မာနိုင်ငံ ပေါ်ပေါက်လာခြင်း (ဆောင်းပါး)
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ