အမေရိကန်ဒေါ်လာ(၅၆၈)သန်းတန်ဖိုးရှိ ကိုကင်း(၅ ဒသမ ၇) တန်ကို ဗြိတိန်ရဲတပ်ဖွဲ့ ဖမ်းဆီးရမိ
Pika (NSS) - ဖေဖော်ဝါရီ ၂၄
အင်္ဂလန်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်း ဆောက်သမ်တန်မြို့ ဆိပ်ကမ်းရှိ ကွန်တိန်နာတစ်ခုအတွင်းတွင် ဖွက်ထားသော ကိုကင်း(၅ ဒသမ ၇) တန်ကို ပြီးခဲ့သည့်ဖေဖော်ဝါရီလ(၈)ရက်က ဖမ်းဆီးရမိခဲ့ကြောင်း အမျိုးသားရာဇဝတ်မှု အေဂျင်စီ NCA က ပြောကြားခဲ့သည်။
အဆိုပါဖမ်းဆီးရမိမှုသည် သမိုင်းတစ်လျှောက် အကြီးမားဆုံးဖမ်းဆီးရမိမှုတစ်ခုဖြစ်ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ(၂၃)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။
တောင်အမေရိကတိုက်မှ သယ်ဆောင်လာသော ငှက်ပျောသီးကွန်တိန်နာအတွင်းတွင် ဖွက်ထားသည့် ကိုကင်းများ ကို ယခုကဲ့သို့ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားရာဇဝတ်မှုအေဂျင်စီ NCA က ပြောကြားခဲ့သည်။ ထို့အပြင် ဖမ်းဆီးရမိသော ကိုကင်းများ၏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၅၆၈)သန်း ရှိကြောင်း NCA က ထုတ်ပြန် ခဲ့သည်။
"ဒီကိုကင်းတွေကို ဂျာမနီနိုင်ငံ Hamburg မြို့ကို ပို့ဆောင်ဖို့လုပ်ထားတာလို့ တာဝန်ရှိသူတွေက ယုံကြည်နေ ပါတယ်။ ပြီးတော့ ဒီစံချိန်တင်ဖမ်းဆီးရမိမှုဟာ နိုင်ငံတကာရာဇဝတ်ဂိုဏ်းတွေကို အကြီးအကျယ်ထိခိုက်နစ်နာ စေမှာပါ" ဟု NCA ဒါရိုက်တာခရစ်ဖာရီမွန်းက ပြောခဲ့သည်။
ဗြိတိန်နိုင်ငံတွင် ယခင်ကအကြီးမားဆုံး မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှာ ၂ဝ၂၂ ခုနှစ်တွင် ဆောက်သမ်တန်မြို့မှာ တွေ့ရှိခဲ့သည့် ကိုကင်း(၃ ဒသမ ၇) တန် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် နိုင်ငံတကာရာဇဝတ်ဂိုဏ်းများသည် ဗြိတိန်၏ တရားမဝင်ကိုကင်းဈေးကွက်မှ တစ်နှစ်လျှင် ပေါင်(၄)ဘီလျံခန့် ရရှိနေကြောင်း NCA က ခန့်မှန်းခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး-ဟားမက်စ်စစ်ပွဲနှင့်စပ်လျဉ်းသည့် ကြားနာပွဲ၌ ICJ ၏ စံနှစ်ခွမူဝါဒကို ကာတာ ကန့်ကွက်ခဲ့
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း