ဒေသတွင်းရှိ အမေရိကန်တပ်ဖွဲ့များအပေါ်တိုက်ခိုက်မှုများကို ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း အီရန်ကျော ထောက်နောက်ခံပြု စစ်သွေးကြွအဖွဲ့များပြော
Pika (NSS) - ဖေဖော်ဝါရီ ၁၁
အီရတ်နိုင်ငံတွင်းနှင့် ဒေသတွင်းရှိ အမေရိကန်တပ်ဖွဲ့ဝင်များအပေါ်တိုက်ခိုက်မှုများကို ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း အီရန်ကျောထောက်နောက်ခံပြုစစ်သွေးကြွအဖွဲ့များက ပြောကြားခဲ့သည်။
အမေရိကန်တပ်ဖွဲ့များ၏ ဒရုန်းဖြင့်တိုက်ခိုက်မှုအတွင်း Katai’ib Hezbollah စစ်သွေးကြွအဖွဲ့ အကြီးတန်း တပ်မှူးတစ်ဦး သေဆုံးခဲ့ပြီးနောက် အဆိုပါထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန်တာဝန်ရှိသူတစ်ဦးက "ဒရုန်းနဲ့တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ Katai’ib Hezbollah စစ်သွေးကြွအဖွဲ့ အကြီးတန်းတပ်မှူးတစ်ဦး Abu Baqir al-Saadi ဟာ ဒေသတွင်းမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေအပေါ် တိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။
အီရန်ကျောထောက်နောက်ခံပြုစစ်သွေးကြွအဖွဲ့များက "အီရတ်နိုင်ငံအတွင်းက နယ်မြေတွေကို သိမ်းပိုက်ထားတဲ့ ရန်သူတွေဟာ စစ်လက်နက်ပစ္စည်းတွေကို သေချာအသုံးပြုတတ်ပါတယ်။ အီရတ်နိုင်ငံတွင်းက အမေရိကန်တပ်ဖွဲ့ တွေကို တိုက်ထုတ်နိုင်ဖို့အတွက် တိုက်ခိုက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်လုပ်ဆောင်သွားမှာပါ" ဟု ပြောခဲ့သည်။
အမေရိကန်တပ်ဖွဲ့များ၏ ဒရုန်းဖြင့် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သော Abu Baqir al-Saadi သည် ဆီးရီးယား နိုင်ငံရှိ Kata’ib Hezbollah စစ်သွေးကြွအဖွဲ့၏ တာဝန်ခံအကြီးအကဲတစ်ဦးဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ဂျော်ဒန်နိုင်ငံရှိ Tower 22 အမေရိကန်စစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရပြီးနောက် လက်တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်ရန်အတွက် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ခွင့်ပြုချက်များရရှိပြီးနောက် အမေရိကန်တပ်ဖွဲ့များသည် ဖေဖော်ဝါရီလ(၇)ရက် ညပိုင်းတွင် အီရတ်မြို့တော် Baghdad အတွင်း ဒရုန်းဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော်လည်း အမေရိကန် တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို အီရတ်အစိုးရက ပြစ်တင်ရှုတ်ချခဲ့ပြီး အမေရိကန်အစိုးရသည် အရပ်သားပြည်သူများ ၏အသက်များကို လျစ်လျူရှုခဲ့ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။
အမေရိကန်ကာကွယ်ရေးအရာရှိက "အပြစ်မဲ့ပြည်သူတွေ သေဆုံးတာကို ရှောင်ရှားနိုင်ဖို့အတွက် ပစ်မှတ်တွေနဲ့ အချိန်တွေကို ကျွန်တော်တို့ သေချာရွေးချယ်လုပ်ဆောင်ခဲ့တာပါ" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပင်လယ်နီအကျပ်အတည်းက ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအပေါ် သိသိသာသာ အကျိုးသက်ရောက်မှုများမရှိသေးကြောင်း IMF အဖွဲ့ပြော
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း