ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေသည် ယနေ့မှစ၍ အာဏာတည်မည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်
မြူနစ် (NSS) - ဖေဖော်ဝါရီ ၁၀
ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေသည် ယနေ့(ဖေဖော်ဝါရီလ ၁၀ ရက်)မှစ၍ အာဏာတည်မည်ဖြစ်ကြောင်း နစကမှ အမိန့်ထုတ်ပြန်လိုက်သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်သည့်နေ့ရက်သတ်မှတ်ခြင်းကို လက်ရှိနစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုးကာ အမိန့်ကြော်ငြာစာထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၊ ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်မှစတင်ကာ အာဏာတည်စေရမည်ဖြစ် ကြောင်း ၎င်းဥပဒေ ပုဒ်မ ၁၊ ပုဒ်မခွဲ(ခ)အရ သတ်မှတ်လိုက်သည်ဟု အမိန့်ကြော်ငြာစာထုတ်ပြန်ထားသည်။
အဆိုပါဥပဒေသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့သော ဥပဒေတစ်ရပ်ဖြစ်သည်။
စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ ဆိုသည်မှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း ဆိုသည်ဟု ဥပဒေတွင် သတ်မှတ်ထားသည်။
ထို့ပြင် စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားတိုင်းကို (၂၄)လထက်မပို့သော ကာလအပိုင်းအခြားအတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်ဟုလည်း ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်ပြီ ၊ အနုပညာရှင်တွေနဲ့ နိုင်ငံရေးပါတီတွေကို ခြိမ်းခြောက်တဲ့ NUG ၊ ကောလင်းမြို့ကို နစက ပြန်ရပြီ ၊ ကျောက်တော်ဖြစ်စဉ်ရှင်းတမ်း(၁ဝ-၂-၂ဝ၂၄)
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ