ရုရှားနှင့်ဖြစ်ပွားလာနိုင်ခြေရှိသော စစ်ပွဲအတွက် ပြည်သူများကို လေ့ကျင့်သင်ကြားပေးမှုများ လုပ်ဆောင်ပေးရန် ရိုမေးနီးယားကာကွယ်ရေးဦးစီးချုပ်တိုက်တွန်း
Pika (NSS) - ဖေဖော်ဝါရီ ၃
ရုရှားနှင့်ဖြစ်ပွားလာနိုင်ခြေရှိသော စစ်ပွဲအတွက် ပြည်သူများကို လေ့ကျင့်သင်ကြားပေးမှုများလုပ်ဆောင်ပေးရန် ရိုမေးနီးယား ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Gheorghita Vlad က တိုက်တွန်းတောင်းဆိုခဲ့ကြောင်းသိရသည်။
အဆိုပါပဋိပက္ခမှာ လာမည့် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိကြောင်း Gheorghita Vlad က သတိပေးပြော ဆိုခဲ့သည်။ ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ဥရောပရှိနိုင်ငံရေးသမားများနှင့် စစ်ဗိုလ်ချုပ်ကြီး အများအပြားသည်လည်း အလားတူထုတ်ပြန်ချက်မျိုးကို ထုတ်ပြန်ခဲ့ဖူးသည်။ Gheorghita Vlad က"ရုရှားနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာအစီအစဉ်တွေအတွက် ပြဿနာတစ်ခုဖြစ်လာနိုင်ပါတယ်။ ရုရှားသမ္မတပူတင်ဟာ ယူကရိန်းစစ်ပွဲမှာ အနိုင်မရရှိမချင်း လုပ်ဆောင်နေတာတွေကို ဘယ်တော့မှရပ်တန့်မှာ မဟုတ်ပါဘူး။ ပြီးတော့ လာမယ့် အနာဂတ်မှာ မော်လ်ဒိုဗာနိုင်ငံကို တိုက်ခိုက်မှုတွေ လုပ်ဆောင်လာပါလိမ့်မယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ပြည်သူတွေကို စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ထားသင့်ပါတယ်"ဟုပြောဆိုခဲ့သည်။
ထို့ပြင် ရိုမေးနီးယားစစ်တပ်သည် စစ်ပွဲအတွက် အဆင် သင့်မဖြစ်သေးကြောင်း နှင့် အချိန်ပြည့်တာဝန်ထမ်းဆောင်နေသော စစ်သား(၈၀၀၀၀)အနက် (၆၀၀၀)မှာ ပြီးခဲ့သည့်နှစ်တွင် ရာထူးမှနှုတ်ထွက်သွားခဲ့ကြောင်း Gheorghita Vlad ကမှတ်ချက်ပြုပြောဆိုခဲ့သည်။ ရိုမေးနီးယားစစ်တပ်သည် အချိန်ပြည့်တာဝန်ထမ်းဆောင်နေသော စစ်သားအရေအတွက်ကို (၁၂၀၀၀၀)အထိ တိုးမြှင့်သင့်ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။ အသက်(၁၈) နှစ်မှ (၃၅)နှစ်ကြားရှိ အရပ်သားများကို စစ်ဘက်ဆိုင်ရာ အခြေခံမူများလေ့ကျင့်သင်ကြားပေးသင့်ကြောင်းလည်း ၎င်းကပြောဆိုခဲ့သည်။
အဆိုပါပြောဆိုချက်များမှာ စစ်မှုထမ်းရန် တောင်းဆိုနေခြင်းမျိုး ဟုတ်/မဟုတ်ဆိုသည့် မေးခွန်းများကို Gheorghita Vlad ကပြန်လည်တုံ့ပြန်ဖြေကြားခဲ့ကြောင်းလည်းသိရသည်။ ၎င်းက"ဒီစနစ်ဟာ ဆန္ဒသဘောအလျောက်သာဖြစ်ပြီး ဒီလိုမျိုးအစီအစဉ်တွေထဲမှာ ပါဝင်ဖို့ ဆန္ဒရှိတဲ့သူတွေကိုပဲ လေ့ကျင့်မှုတွေ လုပ် ဆောင်ပေးသွားမှာပါ"ဟု ပြောဆိုခဲ့သည်။ သို့သော်လည်း စစ်မှုထမ်းခြင်းစနစ် အဆုံးသတ်ခြင်းမှာ ရိုမေးနီးယာနိုင်ငံအတွက်သာမက နေတိုးအဖွဲ့ဝင်နိုင်ငံများအတွက်ပါ အပျက်သဘောဆောင်သည့် ရလဒ်များရှိလာစေနိုင်ကြောင်း ၎င်းကမှတ်ချက်ပြုပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သာစည်မြို့နယ်တွင် တက္ကစီတစ်စီးပေါ်မှ ငွေကျပ်သိန်း(၁၅၀၀)တန်ဖိုးရှိ စိတ်ကြွရူသွပ်ဆေးပြားများ ဖမ်းဆီးရမိ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ