အောင်ဘာလေသိန်းဆုထီဖွင့်ပွဲတွင် လူပုဂ္ဂိုလ်များမှ နှိုက်ယူ၍ ရွေးချယ်ဖွင့်လှစ်သည့်နည်းအစား နိုင်ငံတကာအဆင့်မီစက်စနစ်ကို ပြောင်းလဲအသုံးပြုမည်
Pearl (NSS) - ဇန်နဝါရီ ၃၁
အောင်ဘာလေသိန်းဆုထီဖွင့်ပွဲတွင် လူပုဂ္ဂိုလ်များမှ နှိုက်ယူ၍ ရွေးချယ်ဖွင့်လှစ်သည့်နည်းအစား နိုင်ငံတကာ အဆင့်မီစက်စနစ်ကို ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန မှ သိရသည်။
အဆိုပါစနစ်ကို မနက်ဖြန် (ဖေဖော်ဝါရီလ ၁ ရက်) တွင် ကျင်းပပြုလုပ်မည့် (၅၉)ကြိမ်မြောက် ကျပ် ၁ဝဝဝ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲ နှင့် ကျပ် ၁ဝဝဝ တန် အောင်ဘာလေအွန်လိုင်းသိန်းဆုထီဖွင့်ပွဲမှ စတင်၍ ပြောင်းလဲ အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
ယခင်က အောင်ဘာလေသိန်းဆုထီဖွင့်ပွဲများ၌ ဆုမဲများရွေးချယ်ရာတွင် သစ်သားစည်များအတွင်းမှ အက္ခရာ နှင့် ဂဏာန်းဂေါ်လီများကို လူပုဂ္ဂိုလ်များမှ နှိုက်ယူ၍ ရွေးချယ်ဖွင့်လှစ်သည့်နည်းလမ်းကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး စနစ်သစ်အဖြစ် နိုင်ငံတကာအဆင့်မီ Air Blow Digital Machine စက်ဖြင့် ဆုမဲများရွေးချယ် ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ယခုဖွင့်လှစ်မည့် (၅၉)ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီအတွက် ထီလက်မှတ်များရောင်းချရငွေမှာ ကျပ် (၅၅၂၂ ဒသမ ၈) သန်းရရှိခဲ့ပြီး ၇ဝ ရာခိုင်နှုန်း ခွဲဝေချီးမြှင့်ပေးမည်ဖြစ်သောကြောင့် ငွေကျပ်(၃၈၆၅ ဒသမ ၉) သန်း ကို ထီဆုငွေအဖြစ် ချီးမြှင့်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနထံမှ သိရသည်။
အောင်ဘာလေသိန်းဆုထီဖွင့်ပွဲကို ဖေဖော်ဝါရီ ၁ ရက်၊ နံနက်(၈)နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်ပြီး အောင်ဘာလေအွန်လိုင်းသိန်းဆုထီဖွင့်ပွဲကို ယင်းနေ့၊ နံနက် (၁ဝ) နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ထူးခြားဖြစ်စဥ်သတင်းများ
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း