ဒူးလေးပါတီဥက္ကဋ္ဌဟောင်းနေအိမ် ပစ်ခတ်တိုက်ခိုက်ခံရ၊ သူရဲ ဘောကြောင်သည့်လုပ်ရပ်ဟု ဥက္ကဋ္ဌဟောင်း ပြန်လည်တုံ့ပြန်
မြူနစ် (NSS) - ဇန်နဝါရီ ၁၆
လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)ဥက္ကဋ္ဌဟောင်း၏ နေအိမ်ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ၎င်းလုပ်ရပ်သည် သူရဲဘောကြောင်သောလုပ်ရပ်ဟု ဥက္ကဋ္ဌဟောင်းက ပြန်လည်တုံ့ပြန်ထားသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူနယ်မြေ(၁၈)ရှိ ဒူးလေးပါတီဥက္ကဋ္ဌဟောင်းဦးရွှေမင်း၏ နေအိမ်သည် ယမန်နေ့(ဇန်နဝါရီ လ ၁၅ ရက်)၊ ည ၇ နာရီအချိန်ခန့်တွင် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။
၎င်း၏ နေအိမ်အား ၄၀ (မမ)လောင်ချာဖြင့် ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ယူဆရကြောင်း ဒူးလေးပါတီဥက္ကဋ္ဌဟောင်း ဦးရွှေမင်းက NSS ကို အတည်ပြုပြောကြားသည်။
“ဟုတ်ပါတယ်။ မနေ့က ကျွန်တော် မရှိတဲ့အချိန်မှာ ကလေးတွေပဲ ရှိတဲ့အချိန်မှာ ပစ်သွားပါတယ်။ ၄၀ မမ လောင်ချာနဲ့ ပစ်သွားတယ်လို့ ယူဆရတယ်။ မနေ့က ၇ နာရီလောက်မှာ ဖြစ်တာ။ ဘယ်သူတွေ ပစ်တယ်ဆိုတာကို ယတိပြတ်ပြောလို့ မရသေးဘူးပေါ့။ စုံစမ်းနေတုန်းပါပဲ”ဟု ဦးရွှေမင်းက ပြောသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ဦးရွှေမင်း၏ နေအိမ်အဆောက်အဦးသည် အနည်းငယ် ထိခိုက်ပျက်စီးမှုရှိခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာများ၌ ဦးရွှေမင်း၏ နေအိမ်ကို KIA၊ PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါ်နေလျက်ရှိသည်။
“အဓိကတော့ မိသားစုတွေရှိတဲ့အိမ်ကို ဒီလိုလုပ်တာက သူရဲ ဘောကြောင်တာပေါ့ဗျာ။ ဒါက ကလေးတွေရှိမယ်။ ကျောင်း သားတွေရှိမယ်။ ဒါမျိုး မိသားစုနေအိမ်ကို ပစ်တာက တကယ့်လက်နက်ကိုင်တွေ လုပ်ရမယ့် အလုပ်မဟုတ်ပါဘူး။ သူရဲဘောကြောင်တဲ့ သူတို့ရဲ့ လုပ်ရပ်တွေလို့ပဲ ပြောချင်ပါတယ်” ဟု ဒူးလေးပါတီဥက္ကဋ္ဌဟောင်းဦးရွှေမင်းက တုံ့ပြန်ပြောကြား သည်။
ဒူးလေးပါတီဥက္ကဋ္ဌဟောင်းဦးရွှေမင်းသည် လက်ရှိနစကအစိုးရက ချီးမြှင့်ထားသော သီရိပျံချီဘွဲ့ကို ရရှိထားသူတစ်ဦးလည်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြို့ပြအင်ဂျင်နီယာဌာန၌ ရာထူးနေရာ(၄၀)အတွက် ဝန်ထမ်းများခေါ်ယူနေပြီး အမျိုးသမီးများပါဝင်လျှောက်ထားနိုင်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
18 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ