ဒကစ(လောက်ကိုင်) လက်နက်ချခဲ့ခြင်းနှင့်ပတ်သက်၍ တပ်မှူးများအနေ ဖြင့် အကောင်းဆုံးစဉ်းစားခဲ့ကြောင်း နစကပြောခွင့်ရဆို
မြူနစ် (NSS) - ဇန်နဝါရီ ၆
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) လက်နက်ချခဲ့ခြင်းနှင့်ပတ်သက်၍ တပ်မှူးများအနေဖြင့် အကောင်းဆုံးစဉ်းစားခဲ့ကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ဒကစ(လောက်ကိုင်) သတင်းများနှင့်ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပေါ်ပြူလာနယူးစ်သတင်းဌာနကို အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ယမန်နေ့(ဇန်နဝါရီလ ၅ ရက်)တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ ဒကစရှိ ထောင်နှင့်ချီသော တပ်မတော်လုံခြုံရေးအဖွဲ့ဝင်များသည် MNDAA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ထံ လက်နက်ချခဲ့ကြောင်း အဆိုပါ (၃)ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
တပ်မတော်အနေဖြင့် လောက်ကိုင်ဒေသအခြေအနေနှင့်ပတ်သက်၍ အဖက်ဖက်မှစဉ်းစားခဲ့ရပြီး တပ်မတော်မိသားစုဝင်များ၏ လုံခြုံရေးကို ဦးစားပေး စဉ်းစားခဲ့ကြောင်း သိရသည်။
“နံပါတ်(၁) အနေနဲ့ မိသားစုဝင်များရဲ့ လုံခြုံရေးကို စဉ်းစားပါတယ်။ လောက်ကိုင်ဒေသမှာက တပ်မတော်သားအပြင် တပ်မတော်သားတွေရဲ့ မိသားစုဝင်တွေ နေထိုင်တာဖြစ်တယ်။ မိသားစုဝင်တွေရဲ့ လုံခြုံရေးကို ဦးစားပေး စဉ်းစားခဲ့ပါတယ်။ အဲဒီဘက်မှာက မြန်မာ့တပ်မတော်က ပစ်ခတ်တာမဟုတ်ဘဲနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကပစ်ခတ်ပြီး မြန်မာ့တပ်မ တော်က ပစ်ခတ်သယောင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပျက်ပြားအောင် လုပ်ဆောင်နေတာတွေရှိပါတယ်။ အဲဒီအချက်တွေကို ထည့်သွင်းစဉ်းစားခဲ့ပြီးဒေသခံ တပ်မှူးများအနေနဲ့ အကောင်းဆုံး စဉ်းစားခဲ့တာလို့ဘဲ ပြောချင်ပါတယ်” ဟု နစကပြောခွင့်ရက ပေါ်ပြူလာနယူးစ်ကို ဖြေကြားထားသည်။
ပြီးခဲ့သောရက်ပိုင်းအတွင်း လောက်ကိုင်ဒေသတစ်ဝိုက်၌ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် လက်နက်ကြီးကျည်ဆံအချို့သည် တရုတ်နိုင်ငံဘက်တွင် ကျရောက်ပေါက်ကွဲမှုများရှိခဲ့ပြီး တရုတ်နိုင်ငံသားအချို့ ထိခိုက်သေဆုံးမှုများရှိခဲ့ဖူးသည်။
ဒကစ(လောက်ကိုင်)ရှိ ထောင်နှင့်ချီသော တပ်မတော်လုံခြုံရေးအဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များအား သွားလိုသည့်နေရာများနှင့် လုံခြုံသောနေရာများကို ပို့ဆောင်ပေးထားကြောင်းလည်း မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်(၃)ဖွဲ့က ဆိုသည်။
လက်နက်ကိုင်ပဋိပက္ခများ အမြန်ဆုံးချုပ်ငြိမ်းနိုင်ရေးအတွက် ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထပ်မံပြောကြားထားသည်။
ဒကစ(လောက်ကိုင်) လက်နက်ချခဲ့သည့် ယမန်နေ့တွင်လည်း နေပြည် တော်၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဒုဝန်ကြီး မစ္စတာစွန့်ဝေတုံတို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာ၌ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု နစကဘက်က သတင်းထုတ်ပြန်ခဲ့သည်။
MNDAA၊ TNLA၊ AA မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင် (၃)ဖွဲ့သည် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသ၌ (၁၀၂၇ စစ်ဆင်ရေး)အမည်ဖြင့် ပြီးခဲ့သော အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့ပြီး ၎င်းစစ်ဆင်ရေးအတွင်း တပ်မတော်၏ လုံခြုံရေးစခန်းများကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည့်အခြေ အနေများရှိခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ဦးဆောင်တဲ့ညွန့်ပေါင်းအဖွဲ့တွေကို တိုက်ခိုက်သွားမယ်လို့ ဟူသီလက်နက်ကိုင်အဖွဲ့ပြော
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ