Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အနုပညာရပ်ဝန်းက တပတ်အတွင်း လှုပ်လှုပ်ခတ်ခတ်သတင်းများ

အိဖြူသိမ့် (NP News) - ဒီဇင်ဘာ ၂၈

“ဝေဠုကျော်ကတော့ လုပ်ချလိုက်ပြန်ပါပြီ” 

ဒီတပတ် အနုပညာရပ်ဝန်းထဲက လှုပ်လှုပ်ခတ်ခတ်သတင်းတွေမှာ ဝေဠုကျော် ငွေကြေးလိမ်လည်မှုနဲ့ တရားစွဲခံ လိုက်ရတဲ့သတင်းဟာ ဖေ့ဘွတ်လူမှုကွန်ရက်ပေါ်မှာ လူပြောသူပြောအလွန်များနေပြီး ဝေဠုကျော်ကတော့ ဝေဖန်မှုတွေခံနေရတာပါ။ ဝေဠုကျော်ရဲ့ဖြစ်စဥ်ကို ကြည့်ရပုံအရ ငွေကြေး အပေးအယူကိစ္စတွေကနေ စတင်တဲ့ ရှုပ်ထွေးမှုဖြစ်တဲ့အပြင် ဝေဠုကျော်က တဖက်လူရဲ့ယုံကြည်မှုအပေါ် အလွဲသုံးစားလုပ်ခဲ့ပုံပေါ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ဝ ရက်က ဒေါ်ဆွေဆွေသင်းအမည်ရှိ အမျိုးသမီးကြီးတစ်ဦးက မီဒီယာတစ်ခုနဲ့ အင်တာဗျူး ဖြေခဲ့ပြီး အဲဒီရုပ်သံထဲမှာ ၄င်းထံက သရုပ်ဆောင်ဝေဠုကျော်ဟာ အမေရိကန်ဒေါ်လာတစ်သိန်းကျော် (လက်ရှိ မြန်မာငွေကျပ် သိန်းငါးထောင်) နဲ့ ညီမျှတဲ့ပိုက်ဆံကို ချေးယူထားပြီး ပြန်မဆပ်တဲ့အတွက် တရားစွဲဆိုထားကြောင်း ကို လူသိရှင်ကြား ထုတ်ဖော်ပြောခဲ့တာဖြစ်ပါတယ်။ 

ဒေါ်ဆွေဆွေသင်းက ဝေဠုကျော်ကို အမှု ၃ မှုနဲ့ တရားစွဲထားတာဖြစ်ပြီး၊ ၄င်းဆီက ချေးယူထားတဲ့ ငွေကျပ်သိန်း ငါးထောင်ကို ပြန်မဆပ်တာကြောင့် တရားစွဲဆိုခြင်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အဆိုပါရုပ်သံဟာ နာရီပိုင်း အတွင်းမှာတင် ကြည့်ရှုသူများပြားခဲ့ပြီး ဝေဠုကျော်အပေါ် ရုပ်သံကြည့်ရှုခဲ့သူအများစုက ဝေဖန်ပြောဆိုခဲ့တာပါ။

“ဝေဠုကျော်က  မင်းသားဖြစ်တဲ့အပြင် ပရဟိတလုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေသူဖြစ်တာကြောင့် ယုံကြည် ပြီး  ၂ဝ၁၉ ခုနှစ်က ‌‌ဝေဠုကျော်ဖောင်ဒေးရှင်းသို့ ငွေကျပ် သိန်းတစ်ထောင်ကျော် လှူဒါန်းခဲ့တယ်” လို့ ဒေါ်ဆွေဆွေ သင်းက ပြောခဲ့ပါတယ်။ ဒါ့အပြင် ဖောင်ဒေးရှင်းကိုလှူဒါန်းတဲ့ ငွေနဲ့မသက်ဆိုင်ဘဲ ဒေါ်ဆွေဆွေသင်းက ဝေဠုကျော် နဲ့ခင်မင်မှု ၃ နှစ်တာ ကာလအတွင်းမှာ ‌ဝေဠုကျော်ဘက်က ၄င်းရဲ့ကိုယ်ရေးကိုယ်တာအတွက်လို့ဆိုကာ ငွေချေးယူ ခဲ့မှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ ဝေဠုကျော် ချေးယူခဲ့တဲ့ငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၁ သိန်းကျော် (လက်ရှိ ပေါက်စျေးအရ မြန်မာငွေ သိန်းငါးထောင် ကျော်) ချေးထားတယ်လို့ မီဒီယာကနေတဆင့် ထုတ်ဖော် ပြောခဲ့တာပါ။

ဒေါ်ဆွေဆွေသင်း မီဒီယာကနေ တရားဝင်ထုတ်ပြောတဲ့ ရုပ်သံပျံ့နှံ့သွားပြီး နောက်တစ်နေ့ ဒီဇင်ဘာလ ၂၁ ရက် ညပိုင်းမှာတော့ ဝေဠုကျော်ဘက်ကလည်း မီဒီယာတစ်ခုနဲ့ တရားရုံးက ဆင့်ခေါ်ထားတဲ့စာရွက်စာတမ်းတွေကို ထုတ်ဖော်ပြသကာ ဒေါ်ဆွေဆွေသင်းနဲ့ဖြစ်ပျက်ခဲ့တဲ့ဖြစ်စဥ်တွေကို ပြောပြလာတာရှိပါတယ်။ 

ဝေဠုကျော် ပြန်ဖြေရှင်းတဲ့ရုပ်သံ ထွက်ပေါ်လာချိန်မှာတော့ ဝေဠုကျော်ဟာ လူအများရဲ့ဆဲဆိုခြင်းကို ပိုမိုခံခဲ့ရတာကိုတော့ စာရေးသူလည်း သတိထားမိခဲ့ပါတယ်။ ဘာ့ကြောင့်လဲဆိုရင် သူ့ဘက်က ဘယ်လိုပဲဖြေရှင်း နေပါစေ၊ ငွေချေးငှားပြီး အချိန်မီပြန်မဆပ်ခဲ့တာကတော့ အမှန်ဖြစ်ခဲ့တာပါ။ 

ဒါပေမယ့် ပြဿနာဆိုတာ တဖက်စကားပဲနားထောင်ပေးလို့မရတဲ့အတွက် ဝေဠုကျော်ရဲ့ဖြေရှင်းမှုကိုပဲ လည်း ကြည့်လိုက်ရအောင် “ဒေါ်ဆွေဆွေသင်းက ဝေဠုကျော်ဖောင်ဒေးရှင်းအတွက် အလှူငွေ လှူဒါန်းခဲ့ဖူးတာ မှန်ကန် ကြောင်း၊ ၄င်းအနေနဲ့ကလည်း ငွေကြေး အနည်းငယ် ချေးယူမှုတော့ ရှိခဲ့ဖူးကြောင်း၊ သို့သော် စာချုပ်စာတမ်းတွေနဲ့ လုပ်ဆောင်ခဲ့ခြင်းမျိုးမဟုတ်ခဲ့ဘဲ ခင်မင်မှုသဘောအရ ချေးငှားခဲ့တာဖြစ်ကြောင်း၊ ဒေါ်ဆွေဆွေသင်းဘက်က ငွေပြန်ဆပ်ဖို့ အကြောင်းကြား (နို့တစ်စာ) ပို့တဲ့အချိန်မှာ အဆိုပါစာထဲပါခဲ့တဲ့ သိန်းထောင့်ကိုးရာကျော်ကို နှစ်ဦးသား သဘောတူညီမှုတစ်ခုအရ မြေဂရံပေးခဲ့ဖူးကြောင်း၊ သို့သော် အကြွေးရှင်ဖြစ်တဲ့ ဒေါ်ဆွေဆွေသင်းက မြေဂရံကို လက်ခံမထားဘဲ ရောင်းပြီးရင်လာပေးဖို့ သဘောတူညီမှုရခဲ့ကြကြောင်း၊ မြေရောင်းရချိန်က ကြာမြင့် သွားခဲ့ကြောင်း၊  ငွေသား လက်ထဲရှိချိန်မှာ ပြန်လည်ပေးဆပ်ဖို့ ဒေါ်ဆွေဆွေသင်း နေထိုင်ရာနေရာသို့ သွားရောက် ပေးအပ်ခဲ့ကြောင်း၊ ဒါပေမယ့် ဒေါ်ဆွေဆွေသင်းက လက်ခံယူခဲ့ခြင်းမရှိဘဲ ထပ်မံ၍ ငွေကြေး အလွဲသုံးစားလုပ်တယ် ဆိုပြီး ထပ်တိုးတရားစွဲခဲ့ကြောင်း၊ ဝေဠုကျော်ဘက်က နှစ်ဦးသဘောတူညီထားတဲ့ ပေးဆပ်ရမယ့်ငွေကို အသင့်ပြင် ထားပြီးဖြစ်တာကြောင့် လက်ခံယူပေးဖို့ ဒေါ်ဆွေဆွေသင်းထံ အကြောင်းကြားစာ(နို့တစ်စာ) ပေးပို့ခဲ့ပေမယ့်လည်း ပြန်လည်အကြောင်းကြားခြင်းမရှိဘဲ ထပ်မံ၍ ငွေကြေးလိမ်လည်မှုနဲ့  ၁ မှု၊ နာမည်ဂုဏ်သိက္ခာကျဆင်းစေမှု၊ ထိခိုက် နစ်နာမှုနဲ့ နောက်ထပ် ၁ မှုဖြင့် တရားစွဲဆိုခဲ့ကြောင်း" စတဲ့ အချက်အလက်များကို ဝေဠုကျော်က ၄င်းထံရှိ တရားရုံး စာရွက်စာတမ်းများကို ထုတ်ဖော်ပြကာ ပြန်လည်ဖြေရှင်းခဲ့တာပါ။ 

ဝေဠုကျော်နဲ့ ဒေါ်ဆွေဆွေသင်းတို့ရဲ့ငွေကြေးအပေးအယူတွေဟာ အတော်ကို ရှုပ်ထွေးခဲ့ပုံပေါ်ပြီး ၂ဝ၂၁ ခုနှစ် ဧပြီလနောက်ပိုင်းကစတင်ကာ အဆင်မပြေမှုများစွာဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ဝေဠုကျော် အနေနဲ့က ဒေါ်ဆွေဆွေသင်းကို ကျပ်ငွေ သိန်းထောင့်ကိုးရာ ခုနှစ် ဆယ့် ခုနှစ်သိန်းကျော် (၁၉၇,၇၂၃, ၄၅၇) ကျပ် ပေးဖို့ရှိကြောင်းကို ဝန်ခံခဲ့ပြီး၊ အဆိုပါငွေကို မြေဂရံနှစ်ခု ရောင်းချကာ ပေးချေဖို့ လုပ်ဆောင်ခဲ့ကြောင်း မီဒီယာကတဆင့် ဝန်ခံထားပါတယ်။ 

‌ဝေဠုကျော်ဘက်ကလည်း ဒေါ်ဆွေဆွေသင်းဟာ အမေရိကန်နိုင်ငံသားအဖြစ် တရားဝင်ခံယူထားသူဖြစ်ပေမယ့် မြန်မာနိုင်ငံသားမှတ်ပုံတင်ကဒ်ကို ကိုင်ဆောင်ပြီး မြန်မာနိုင်ငံအတွင်းမှာ နေထိုင်နေကြောင်း၊ တရားရုံးမှာ ကျမ်းသစ္စာကျိန်ဆိုချိန် မြန်မာနိုင်ငံသားမှတ်ပုံတင်ကို အသုံးပြုထားကြောင်း လဝကထံသို့ တိုင်ကြားခဲ့ပါသေး တယ်။ အဲဒီလိုတိုင်ကြားခဲ့တာကို ဒေါ်ဆွေဆွေသင်းက မကျေနပ်တာကြောင့် နာမည် ဂုဏ်သိက္ခာကျဆင်းစေမှု၊ ထိခိုက်နစ်နာမှုဖြင့် တရားစွဲဆိုပြီး နစ်နာကြေးအဖြစ် သိန်းငါးထောင်ပေးရမယ်လို့ ပြောခဲ့တာမျိုးဖြစ်ကြောင်း၊ ဒေါ်ဆွေဆွေသင်းပြောခဲ့တဲ့ သိန်းငါးထောင် ချေးထားပြီး ပြန်မဆပ်ဘူးဆိုတာက လုံးဝ မဟုတ်ဘဲ ဒေါ်ဆွေဆွေသင်း ကို ပြန်လည်ပေးဆပ်ရမယ့် အမှန်တကယ်ချေးငွေက အလွဲသုံးစားလုပ်တယ်ဆိုပြီး တိုင်တဲ့အမှု ၁ မှုအတွက် သိန်း ၁၃ဝ၊ လိမ်လည်ရယူထားတယ်ဆိုပြီးစွပ်စွဲတဲ့အမှု ၁ မှုအတွက် သိန်း ၁၆ဝ၊ စုစုပေါင်း ငွေကျပ်သိန်း ၃ဝဝ သာ ပေးဆပ်ဖို့ရှိတာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။

ဒေါ်ဆွေဆွေသင်းနဲ့ ‌ဝေဠုကျော်တို့ရဲ့စကားတွေအရ နှစ်ဖက်စလုံးက တစ်ခုခုကိုတော့ ဖုံးကွယ်ထားသေးတယ် ဆိုတာ စာဖတ်သူများ ဒီလောက်ဆို သတိထားမိမှာပါ။ ငွေကြေးကိစ္စဆိုတာ ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်လာ ပြီဆိုရင် မိသားစုဝင်အချင်းချင်းတောင် အလွန်ကို ဖြေရှင်းရခက်တဲ့ပြဿနာတစ်ရပ်ပါ။ 

ဝေဠုကျော်ဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ကလည်း မော်ဒယ်သင်းသင်းအပေါ် ကာမလိမ်လည်ရယူမှု ပုဒ်မ ၄၁၇ နဲ့ တရားစွဲဆိုခံခဲ့ရပြီး လက်ရှိအချိန်ထိ အမှုရင်ဆိုင်နေရသူဖြစ်ပါတယ်။ အဲဒီအမှုကလည်း လာမည့် ၂ဝ၂၄ ခုနှစ်ဆိုရင် ၅ နှစ်ပြည့်တော့မှာပါ။ ကာမလိမ်လည်မှုနဲ့တရားရင်ဆိုင်တာ မပြီးပြတ်သေးခင်မှာဘဲ နောက်ထပ် ငွေကြေး လိမ်လည်မှု အပါအဝင် အလွှဲသုံးစားလုပ်မှု၊ ဂုဏ်သိက္ခာကျဆင်းအောင်လုပ်ဆောင် စတဲ့အမှု သုံးမှုကိုပါ ထပ်မံ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ဝေဠုကျော်ကတော့ သူ့အနေနဲ့က ဒေါ်ဆွေဆွေသင်းနဲ့ ထပ်မံ ညှိနှိုင်းဖို့ မရှိတော့ဘဲ တရားရုံးမှာပဲ ဦးတိုက်ဖြေရှင်းသွားမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ 

သရုပ်ဆောင်‌ဝေဠုကျော်ကို ဒေါ်ဆွေဆွေသင်းက သင်္ကန်းကျွန်းမြို့နယ်တရားရုံးမှာ ရာဇဝတ်ကြီးအမှု အမှတ် (၅၉၄/၂ဝ၂၃)၊ ရာဇသတ်ကြီးပုဒ်မ ၄၁၇ နဲ့ ဦးတိုက်လျှောက်ထား တရားစွဲဆိုထားပြီး၊ နိုင်ငံခြားသားက နိုင်ငံသား မှတ်ပုံတင်ကဒ် လက်ဝယ်ကိုင်ဆောင်ထားတယ်လို့ဆိုကာ တိုင်ကြားထားတဲ့အတွက်ကြောင့်လို့ဆိုကာ ဂုဏ်သိက္ခာ ကျဆင်းမှု၊ စိတ်ဆင်းရဲရမှုအတွက် သင်္ကန်းကျွန်းခရိုင်တရားရုံးမှာ တရားမကြီးအမှု အမှတ်(၃၅၁/၂ဝ၂၃) နဲ့ အမှု ၁ မှု၊ ကမာရွတ်မြို့နယ်တရားရုံးမှာ ရာဇဝတ်ကြီးအမှုအမှတ် (၂၇၆/၂ဝ၂၃) ရာဇသတ်ကြီးပုဒ်မ ၄ဝ၆ အမှု ၁ မှု၊ စုစုပေါင်း အမှု ၃ မှုနဲ့ တရားစွဲဆိုထားခြင်းဖြစ်ပါတယ်။

လက်ရှိမှာတော့ သင်္ကန်းကျွန်းမြို့နယ်တရားရုံးအမှုကို တရားလိုဘက်ကို စတင်စစ်ဆေးနေဆဲဖြစ်ပြီး၊ ရုံးချိန်း ၄ ချိန်း ၅ ချိန်းထိ ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ 

စစ်ဆေးဆဲဖြစ်တာကြောင့် အမှုဟာ ထူးခြားမှုမရှိသေးပေမယ့် ပြစ်မှုထင်ရှားပါက ပုဒ်မ ၄၁၇ ရဲ့ပြဌာန်းချက်အရ ထောင်ဒဏ် ၃ နှစ်ကျခံရမှာဖြစ်တယ်လို့ သိရကာ ဒဏ်ကြေး၊ ငွေကြေး ပြန်ပေးခြင်း/မပေးခြင်းနဲ့ မသက်ဆိုင်ဘူးလို့ သိရပါတယ်။ လာမယ့်ရုံးချိန်းကိုတော့ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှာ ချိန်းဆိုထားတာဖြစ်ပါတယ်။


အလားတူ ဝေဠုကျော်နဲ့ ဒေါ်သင်းသင်းဆွေ ကိစ္စလိုပဲ နောက်ထပ်စိတ်ဝင်စားဖို့ကောင်းနေတဲ့သတင်းက ရုပ်ရှင် လောကထဲမှာ တစ်ခါမှမဖြစ်ဖူးသေးဘူးလို့ ပြောလို့ရနိုင်တဲ့သတင်းပါ။ မင်းသား အပြောင်းအလဲလုပ်ရုံမက ဒါရိုက်တာ၊ ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဇာတ်ပို့သရုပ်ဆောင်တွေကိုပါ အပြောင်းအလဲလုပ်ခဲ့တဲ့ “အောင်မြတ်သာ ဂမ္မီရ” ဇာတ်လမ်းတွဲပြဿနာကလည်းတော်တော်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီရက်ပိုင်းအတွင်း ဖေ့ဘွတ် စာမျက်နှာထက်မှာ အောင်မြတ်သာဇာတ်လမ်းတွဲကို မင်းသားစစ်နိုင်နဲ့ ရိုက်ကူးမှသာ ဇာတ်လမ်းတွဲကို ဆက်ကြည့် မယ်ဆိုတဲ့သူတွေက များပြားနေပြီး၊ စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေး အပါအဝင် လူပြောင်းရိုက်မယ့် မင်းသားနေရာကို လက်ခံခဲ့မိ တဲ့ ထွန်းကိုကို နဲ့ ဒါရိုက်တာညိုမင်းလွင်ကတော့ ပရိသတ်များစွာရဲ့ဝေဖန်ပြောဆိုခြင်းတွေကို ခံနေရ တာပါ။ 

“အောင်မြတ်သာ ဂမ္မီရ” ဇာတ်လမ်းတွဲကို ဇာတ်ညွှန်းဖိုးကျော်၊ ဒါရိုက်တာ သီဟမင်းညီ တို့က ပုံဖော်ရိုက်ကူးထားပြီး အဓိကမင်းသားအဖြစ် စစ်နိုင်၊ အဓိကဇာတ်ပို့အဖြစ် လင်းအောင်၊ မျိုးကိုတို့က ပါဝင်ထားကြတာပါ။  

“အောင်မြတ်သာ ဂမ္မီရ” ဇာတ်လမ်းတွဲကို နှစ်အပိုင်းအခြားတစ်ခု အချိန်ယူ ဖန်တီးခဲ့ကြခြင်းမျိုးဖြစ်ပြီး ရုပ်သံ ချန်နယ်လိုင်းတစ်ခုမှာ ထုတ်လွှင့်ပြခဲ့ရာ “အောင်မြတ်သာ ဂမ္မီရ” ဇာတ်လမ်းတွဲကို ကြည့်ရှုသူပရိသတ်တွေက လက်ခံအားပေးခဲ့ကြရုံမက ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားစစ်နိုင်ဟာလည်း အတော်လေးကို ပရိသတ် အားပေးမှု၊ အောင်မြင်မှုတစ်နေရာကို ရရှိလာတာဖြစ်ပါတယ်။ အဆိုပါဇာတ်လမ်းတွဲကို ရုပ်သံချန်နယ်ပေါ်မှာ အပိုင်းလိုက်ခွဲပြနေခြင်းမျိုးဖြစ်ပါတယ်။ သို့သော် စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးဘက်က နောက်ထပ်ရိုက်ကူးမယ့် အပိုင်းအသစ်တွေကို မင်းသား ပြောင်းလဲသွားမှာဖြစ်ကြောင်း လက်ရှိရိုက်ကူးနေဆဲဖြစ်တဲ့ မင်းသားစစ်နိုင်ကို အသိပေးခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ အဲဒီသတင်းကို မင်းသားစစ်နိုင်ကို လိုင်းပေါ်ကနေတဆင့် အသိပေးခဲ့ခြင်း မျိုးဖြစ်တယ်လို့တော့ သိရပါတယ်။ 

ဒီအချက်ကိုကြည့်ခြင်းအားဖြင့် ထုတ်လုပ်သူအနေနဲ့ ကိုယ်နဲ့အလုပ်တွဲလုပ်နေတဲ့သူအပေါ်မှာ လေးစားမှုမရှိဘူး ဆိုတာကိုတော့ တွေ့မြင်ရပါတယ်။ သို့သော် နှစ်ဥ◌ီးနှစ်ဖက်ကြားမှာ ဘယ်လိုပြဿနာတွေ ရှိခဲ့လို့လဲဆိုတာ ကတော့ မသိရပါဘူး။  

မင်းသား ပြောင်းလဲရိုက်ကူးမယ့်ကိစ္စထက် ကြိုတင်အသိပေးခြင်းမရှိခဲ့တဲ့လုပ်ရပ်အပေါ် မင်းသားစစ်နိုင်တို့ အဖွဲ့ကတော့ တော်တော်လေးကို ဒေါသထွက်ခဲ့ကြပါတယ်။ ဒါ့ကြောင့်လည်း စစ်နိုင်နဲ့ အခြားသော သရုပ်ဆောင် များ အပါအဝင် ဒါရိုက်တာနဲ့ ဇာတ်ညွှန်ဆရာတို့ကပါ မီဒီယာတွေကနေတဆင့် ထုတ်လုပ်ရေးဘက်ကို မေးခွန်း များစွာ ထုတ်ခဲ့ကြပါတယ်။

မင်းသားအပြောင်းအလဲလုပ်မယ်ဆိုရင် အောင်မြတ်သာ ဇာတ်ရုပ်ရဲ့နောက်လိုက်များအဖြစ် ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်း မရိုက်ကူးတော့ကြောင်း၊ ဒါ့အပြင် “အောင်မြတ်သာ ဂမ္မီရ” ဇာတ်လမ်းတွဲကို ပုံဖော် ရိုက်ကူးတဲ့ ဇာတ်ညွှန်းဖိုးကျော်၊ ဒါရိုက်တာ သီဟမင်းညီ တို့ကလည်း ဆက်လက်မရိုက်ကူးတော့ကြောင်း ပြောခဲ့ကြ တာပါ။

မင်းသားစစ်နိုင်အနေနဲ့ကတော့ “သူတို့အဖွဲ့သားတွေရဲ့ပေးဆပ်ကြိုးစားမှုကြီးက အခုမှ အရာထင်လာချိန် အောင်မြင်နေတော့မှ အခုလိုမျိုး မင်းသားပြောင်းလိုက်တာဟာ စော်ကားသလို ခံစားရကြောင်း၊ ပရိသတ်က စစ်နိုင်သည် အောင်မြတ်သာ၊ အောင်မြတ်သာသည် စစ်နိုင်လို့ သတ်မှတ်ထားပြီဖြစ်တာကို ဘာကြောင့် အခုလို မကျေမနပ်ဖြစ်တာလဲ၊ သူတို့ရိုက်ကူးမှုတွေက ဘာများလိုအပ်လို့လဲ၊ သရုပ်ဆောင်တာ မတော်လို့လား၊ ဇာတ်လမ်း တွဲ မအောင်မြင်လို့လား။  ငွေရှိရင် ဘာမဆိုလုပ်နိုင်တဲ့ခေတ်မှာ ဘာများတတ်နိုင်အုံးမှာလဲလို့ စစ်နိုင်က ထုတ်လုပ်ရေးဘက်ကို မီဒီယာတွေကနေတဆင့် မေးခွန်းထုတ်ထားတာပါ။ 

ဒါပေမယ့်လည်း စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးဘက်ကတော့ တစ်စုံတစ်ရာတုံ့ပြန်ဖြေရှင်းထားတာ မရှိပေမယ့် ထပ်မံ အသစ်ရိုက်ကူးမယ့် ဇာတ်လမ်းတွဲအပိုင်းတွေကို ရိုက်ကူးပေးဖို့ တာဝန်ပြောင်းယူခဲ့တဲ့ ဒါရိုက်တာညိုမင်းလွင် ကတော့ “အောင်မြတ်သာ ဇာတ်လမ်းတွဲကို လူကြိုက်များနေတယ်လို့တော့ သိထားရပါတယ်။ ဒါပေမယ့် မကြည့်ဖူးသေးကြောင်း နဲ့ မင်းသားပြောင်းရိုက်ဖို့ စီစဥ်ထားကြောင်း၊ စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးဆိုတာ ခင်မင် သလို ကျေးဇူးရှင်လည်းဖြစ်ခဲ့ဖူးတဲ့အတွက် ဒါရိုက်တာအဖြစ် ကမ်းလှမ်းတာကိုလက်ခံခဲ့ခြင်းဖြစ်ကြောင်း” ပြောထားပါတယ်။ ဒါ့အပြင် ၄င်းအနေနဲ့ လက်ရှိမှာ မင်းသားပြောင်းလို့၊ ဒါရိုက်တာပြောင်းလို့ဆိုပြီး ဝေဖန်နေကြတဲ့ အပေါ် “နိုင်ငံတကာမှာတောင် ဂျိန်းစဘွန်းလ်ဇာတ်ကားဆိုတာ တစ်ကားပြီး တစ်ကား မင်းသားပြောင်းရိုက်ကြတာ ပါပဲ” လို့ တုံ့ပြန်ထားပါတယ်။ 

“အောင်မြတ်သာ” အသစ်ဖြစ်လာမယ့် မင်းသားထွန်းကိုကိုကတော့ လက်ရှိ ဝေဖန်ပြောဆိုခံနေရမှုတွေနဲ့ ပတ်သက် ပြီး တုံ့ပြန်ပြောထားတာမျိုး မရှိသေးပါဘူး။ အဲဒါကြောင့်လည်း လူမှုကွန်ရက်တစ်ခွင်မှာတော့ တဖက်တည်းက စကားသံတွေကိုသာ နားထောင်နေရခြင်းမျိုးဖြစ်ပြီး အခြားသော ထုတ်လုပ်ရေးဘက်က ပြောဆိုမှုတွေကိုတော့ မသိရ မကြားရသေးတာပဲဖြစ်ပါတယ်။ 

အားလုံးသိကြတဲ့အတိုင်း အနုပညာလောကဆိုတာ ရှုပ်ထွေးလွန်းပြီး တစ်ရက်နဲ့တစ်ရက် တစ်ပတ်နဲ့တစ်ပတ် ပြဿနာပေါင်းများစွာကို တွေ့မြင်နေရသလို အခြားတဖက်မှာလည်း မင်္ဂလာပွဲပေါင်းများစွာကျင်းပပြီး ကြည်နူး ပျော်ရွှင်စရာတွေနဲ့လည်း ပြည်နှက်လို့နေပါတယ်။ အခု ၂ဝ၂၃ ခုနှစ်မကုန်ခင်မှာပဲ မြန်မာ့အနုပညာလောက က ထိပ်တန်းစာရင်းဝင်ထားတဲ့ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုန်ရွှေရည် အပါအဝင် အိချောပို၊ သွန်းဆက်၊ နန်းစန္ဒာလှထွန်း၊ တေးသံရှင်း နီနီခင်‌ဇော်၊ တေးသံရှင် သရုပ်ဆောင်နေဝင်း စတဲ့ အနုပညာရှင်တွေဟာ  ရှေ့ဆင့် နောက်ဆင့်ဆိုသလို မင်္ဂလာပွဲပေါင်းများစွာကို ပျော်ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့ကြပါတယ်။ 


အဲဒီထဲမှာမှ လူစိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့ပြီး မင်္ဂလာပွဲအရေအတွက် အများဆုံးလုပ်ခဲ့တယ်လို့ဆိုနိုင်တဲ့ ထပ်ဆင့် အကယ်ဒမီ ဝတ်မှုန်ရွှေရည် (ခေါ်) ကစ်ကစ်ရဲ့ မင်္ဂလာပွဲအခမ်းအနားတွေပဲဖြစ်ပါတယ်။  ဝတ်မှုန်ရွှေရည်က အလှမယ်မိုးစက်ဝိုင်နဲ့အစ်ကိုအရင်းတော်စပ်သူ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်းတစ်ဥ◌ီးဖြစ်သူ၊ VeVe အချိုရည်လုပ်ငန်းပိုင်ရှင် ကိုနိုင်ဖြိုးကျော်နဲ့ ထိမ်းမြားလက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ ကိုနိုင်ဖြိုးကျော်နဲ့ ဝတ်မှုန်ရွှေရည်တို့ဟာ မင်္ဂလာပွဲ ၇ ပွဲထိ ကျင်းပခဲ့ကြတာဖြစ်ပြီး PreWedding ဓါတ်ပုံတွေကိုလည်း ပြည်ပနိုင်ငံ ၃ နိုင်ငံနဲ့အထက် သွားရောက်ရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။ ဝတ်မှုန်ရွှေရည်က သူရဲ့ပထမဆုံးမင်္ဂလာဧည့်ခံပွဲအခမ်း အနားကိုတော့ တရုတ်နိုင်ငံ ကူမင်းမြို့ရှိ ဂျိတ်ဒရယ်ဂွန်ရေခဲတောင်တန်းမှာ မိသားစု၊ ဆွေမျိုးများနဲ့အတူ မင်္ဂလာ ဧည်ခံပွဲကျင်းပကာ သူမရဲ့စိတ်ကူးထဲက အတိုင်းပုံဖော်ခဲ့တာဖြစ်တယ်လို့ ပြောပြထားပါတယ်။ တရုတ်နိုင်ငံမှာပဲ မင်္ဂလာညစာစားပွဲကျင်းပခဲ့ပြီး၊ အမျိုးသားဖြစ်သူရဲ့တရုတ်ရိုးရာအတိုင်းလည်း မင်္ဂလာပွဲကျင်းပခဲ့ပါသေးတယ်။ ရေခဲတောင်မှာပြုလုပ်ခဲ့တဲ့ ကိုနိုင်ဖြိုးကျော်နဲ့ ဝတ်မှုန်ရွှေရည်တို့ရဲ့မင်္ဂလာပွဲပုံရိပ်လေးတွေ ထွက်ပေါ်လာချိန်မှာ တော့ အစ်မတစ်ဝမ်းကွဲဖြစ်သူ ထပ်ဆင့်အကယ်ဒမီဖွေးဖွေး တက်ရောက်ခဲ့ခြင်းမရှိတာကြောင့်လည်း အနည်းငယ် တော့ ပရိသတ်တွေက မေးခွန်းထုတ်ခဲ့ကြပါသေးတယ်။ 


ဆက်လက်ပြီး ဝတ်မှုန်ရွှေရည်ဟာ မြန်မာနိုင်ငံမှာ  မင်္ဂလာ လက်မှတ်ရေးထိုးပွဲ၊ ဝတ်မှုန်ရွှေရည်ဟာ ရှမ်း-ဗမာကပြားမလေးဖြစ်တာကြောင့် ရှမ်းရိုးရာအတိုင်းလည်း မင်္ဂလာအလှူပြုလုပ်ခဲ့ပါသေးတယ်။ မင်္ဂလာဦးအလှူအဖြစ် ရန်ကုန်မြို့ရှိ နှင်းဆီကုန်း ဘိုးဘွားရိပ်သာ ကျောင်း အတွက် တသက်တာ အာဟာရဒါနအလှူ၊ ခိုင်နှင်းဝေ ရင်ခွင်ရိပ်မြုံဂေဟာက ကလေးတွေအတွက် သိန်းတစ်ရာ တန်ဖိုးရှိ ပစ္စည်းများ၊ စိတ်ကျန်းမာရေးဆေးရုံကြီးအတွက် တသက်တာအာဟာရဒါနအလှူ နှင့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက စက်မှုအဖွဲ့သား အယောက် ၄ဝဝ ကျော်အတွက် ဆန်တစ်အိတ်နဲ့ ဆီတစ်ဗူး စတဲ့ နေရာ (၄) နေရာ အတွက် အလှူငွေများ ပေးအပ် လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇင်ဘာလ ၂ဝ ရက်မှာတော့ ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်မှာ ဆွေမျိုးမိတ်ဆွေများ၊ အနုပညာညီအစ်ကိုမောင်နှများနဲ့အတူ  မြန်မာ့ရိုးရာထုံးတမ်း အစဥ် အလာအတိုင်း စုလျားရစ်ပတ်မင်္ဂလာပွဲအခမ်းအနားကို ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့ကြပါတယ်။ အဆိုပါပွဲ အခမ်းအနားကိုတော့ အစ်မတစ်ဝမ်းကွဲဖြစ်သူ ထပ်ဆင့်အကယ်ဒမီဖွေးဖွေးဟာ သူမရဲ့မိခင်နဲ့အတူ ပွဲအခမ်းအနားသို့ တက်ရောက်လာပြီး ညီမဖြစ်သူ ဝတ်မှုန်ရွှေရည်နဲ့အတူ တွဲရိုက်ထားတဲ့ဓါတ်ပုံကို ဖွေးဖွေး ကိုယ်တိုင်က သူမရဲ့လူမှုကွန်ရက်ပေါ်မှာ ပြန်လည်မျှဝေကာ ဂုဏ်ပြုစကားဆိုခဲ့တာဖြစ်ပါတယ်။ ဖွေးဖွေးနဲ့ဝတ်မှုန်ရွှေရည်တို့ ညီအစ်မနှစ်ဦးရဲ့ လှပပြီး ကျက်သရေရှိလှတဲ့ပုံလေးတွေကို ပရိသတ်တွေက သဘောကျခဲ့ကြပါသေးတယ်။ တစ်ရက်သာငယ်တဲ့ ညီမ ဝတ်မှုန်ရွှေရည်ကတော့ ဖွေးဖွေးကို ကျော်တက်သွားပြီး လာမယ့် ၂ဝ၂၄ ခုနှစ်မှာက တရုတ်ရိုးရာအရ နဂါးနှစ်ဖြစ်တာကြောင့် သူမနဲ့နဂါးနှစ်ချင်းတူတဲ့ ကလေးလေးယူဖို့ စဉ်းစားနေတယ်လို့လည်း ဆိုထားပါတယ်။  

မြန်မာနိုင်ငံရဲ့ထိတ်တန်းမင်းသမီးစာရင်းထဲမှာ ပါဝင်ထားတဲ့ ဖွေးဖွေးနဲ့ ဝတ်မှုန်ရွှေရည်မှာ ဝတ်မှုန်ရွှေရည်က အိမ်ထောင်ကျသွားပြီဆိုတော့ ပရိသတ်တွေကလည်း ဖွေးဖွေးရဲ့မင်္ဂလာသတင်းကိုလည်း မျှော်လင့်သူလည်း ရှိသလို အပျိုကြီးပဲလုပ်ဖို့ တိုက်တွန်းနေကြသူတွေလည်း များစွာရှိနေပါတယ်။   

အလားတူပါပဲ ဒီနှစ်အတွင်းမှာ ကျင်းပခဲ့တဲ့ အနုပညာရှင်တွေရဲ့မင်္ဂလာပွဲတိုင်းဟာ ခမ်းနားခဲ့ကြပြီး အတော်လေးကို ပရိသတ်တွေ ရင်ထဲကို ကြည်နူးပျော်ရွှင်မှုတွေပေးနိုင်ခဲ့ပါတယ်။ ပျော်ရွှင်ကြည်နူးမှုပေးနိုင်ခဲ့တဲ့ မင်္ဂလာပွဲများထဲမှာ တော့ အဆိုတော် နေဝင်းတို့စုံတွဲလေးကိုလည်း ချန်လှပ်ထားခဲ့လို့ မဖြစ်ပါဘူး။ 


နေဝင်းတို့ဇနီးမောင်နှံဟာ ၂ဝ၁၉ ခုနှစ် နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပေမယ့် ကိုဗစ်ရောဂါ အခြေအနေကြောင့် အပါအဝင် ငွေကြေးအခြေအနေအရ မင်္ဂလာပွဲကျင်းပနိုင်ခဲ့ခြင်းမရှိဘဲ သုံးနှစ်ကြာပြီးမှသာ နှစ်ဦးသားစလုံးရဲ့စိတ်ကူးအိပ်မက်ဖြစ်တဲ့ မင်္ဂလာပွဲအခမ်းအနားကို လက်တွေ့အကောင်အထည်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ 

နေဝင်းဟာ ၄င်းတို့ချစ်သူသက်တမ်း ၁ဝ နှစ်ပြည့်မှာ  အိမ့်ချစ်ချောကို New Year Show ပွဲကျင်းပနေစဥ် ပရိသတ်တွေရှေ့မှာ တရားဝင်လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပြီး၊ တစ်နှစ်အကြာမှာ လက်ထပ်ခဲ့ကြတာဖြစ်ပါ တယ်။ သူတို့စုံတွဲဟာ ချစ်သူသက်တမ်း ၁၄ နှစ်ကြာချိန်မှ မင်္ဂလာပွဲအခမ်းအနားကိုလုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး မင်္ဂလာပွဲအခမ်းအနားမှာ နေဝင်းပြောခဲ့တဲ့ “ဘယ်လိုအခြေအနေမျိုးတွေမှာပဲဖြစ်ဖြစ် အတူတူဖြတ်သန်းခဲ့ကြတဲ့ အစတွေကို ဘယ်တော့မှ မမေ့ပါဘူး” ဆိုတဲ့ စကားဟာလည်း လူငယ်တွေရဲ့ရင်ထဲ အတော်လေးသဘောကျစေခဲ့ ပြီး၊ Heart ထိစေခဲ့တဲ့ ချစ်စကားလေးတွေဖြစ်ပါတယ်။ 

သူတို့စုံတွဲဟာ အဆိုတော်နေဝင်းရဲ့ချစ်တတ်ပေးမှုကြီးနဲ့ အိမ့်ချစ်ချောရဲ့သစ္စာတရား၊ မေတ္တာတရားကလည်း အလွန်ကိုကြီးမားတာကြောင့် လူငယ်တွေကြားထဲမှာ အတော်လေးကို ရေပန်းစားတဲ့စုံတွဲပါ။ အမျိုးသမီးထုဆို လည်း ဦးနေဝင်းလို့ ကောင်လေးမျိုးကို အလိုရှိကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားဖော်ပြလေ့ရှိကြပါတယ်။ နေဝင်းဟာ လက်ရှိမှာတော့ သရုပ်ဆောင်အလုပ်ကိုလည်း လုပ်ကိုင်နေပြီး၊ ၄င်းဟာ ပါဝင်သရုပ်ဆောင်ထားတဲ့ စာရိတ္တရုပ်ရှင်ဇာတ်ကားကြီးဟာ လက်ရှိမှာ ရုံတင်ပြသနေပြီဖြစ်ပါတယ်။ နေဝင်းဟာ ထပ်ဆင့်အကယ်ဒမီ ချိုပြုံးကိုယ်တိုင်က ထပ်ဆင့်အကယ်ဒမီမင်းသားကြီး ကျော်ဟိန်းငယ်ငယ်က ပုံစံလေးကိုကြည့်ရသလို ခံစားရ ကြောင်း ချီးကျူးစကားပြောဆိုခံထားရသူဖြစ်ပါတယ်။ ပရိသတ်တွေကတော့ နေဝင်းကို ကျော်ဟိန်း အငယ်စား လေးလို့ တင်စားခေါ်ဝေါ်နေကြပြီး သရုပ်ဆောင်ပိုင်းမှာလည်း အောင်မြင်မှုတွေ ရရှိနေတာဖြစ်ပါတယ်။ 

အနုပညာသမားတွေဟာလည်း လူသားထဲက လူသားတွေပဲမို့ ပြဿနာပေါင်းစုံဖြစ်ပေါ်ပြီး စာဖတ်သူတို့အပေါ် စိတ်ခံစားမှုအမျိုးမျိုးပေးစွမ်းနိုင်တာကြောင့် စိတ်ချမ်းမြေ့စရာ ကောင်းသောအရာများသာမှတ်သားပြီး စိတ်ရှုပ်စရာအမှိုက်များကို လျစ်လျူရှုရင်း ဘဝကို ဖြတ်သန်းနိုင်ကြပါစေ။  

အဆုံးထိ စိတ်ဝင်တစားဖတ်ရှုပေးတဲ့အတွက်ကျေးဇူး တင်ပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာ-လာအို နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်မည်

RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved