ထိုင်းနိုင်ငံသို့ရောက်ရှိလာသော နေရပ်စွန့်ခွာများကို ထိုင်းစစ်တပ်က မြန်မာဘက်ခြမ်းသို့ ပြန်ခိုင်းနေဟု HRW အဖွဲ့ပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၆
ထိုင်းစစ်တပ်သည် ထိုင်း-မြန်မာနယ်စပ်တွင်ရောက်ရှိနေသော မြန်မာနိုင်ငံသားနေရပ်စွန့်ခွာတိမ်းရှောင်သူ ထောင်ပေါင်းများစွာကို မြန်မာနိုင်ငံထဲသို့ ပြန်ခိုင်းခဲ့ခြင်းကြောင့် အဆိုပါဒုက္ခသည်များသည် အသက်အန္တရာယ်နှင့်ရင်ဆိုင်ရနိုင်ကြောင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့(Human Rights Watch)က ထုတ်ဖော်ပြောဆိုလိုက်သည်။
ထိုင်းစစ်တပ်သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလနှောင်းပိုင်းက နယ်စပ်ဒေသများတွင် ခိုလှုံနေကြသော မြန်မာနေရပ်စွန့်ခွာသူများကို ကယား ပြည်နယ်သို့ပြန်ရန် ဖိအားပေးခြင်းများလည်းရှိနေကြောင်း HRW အဖွဲ့က သတင်းထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် ပြန်လည်ဖြစ်ပွားနေသော တိုက်ပွဲများတွင် ပစ်မှတ်ထားတိုက်ခိုက်ခံရမည် သို့မဟုတ် ပိတ်မိနေမည်ကို စိုးရိမ်ကြသူအများအပြားသည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ တိမ်းရှောင်မှုများ ရှိခဲ့ကြောင်းသိရသည်။
HRW ၏ အာရှဒါရိုက်တာ အယ်လီယာနီ ပီယာဆန် က “ထိုင်းအာဏာပိုင်တွေအနေနဲ့ မကြာသေးမီက ရောက်ရှိလာတဲ့ မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့နေတာ ရပ်တန်းကရပ်ပြီး ထိုင်းနိုင်ငံမှာ ခိုလှုံခွင့်ပေးသင့်တယ်။ ဒီဒုက္ခသည်တွေ အများအပြား ထိုင်းနိုင်ငံကနေ ပြန်ပို့ခံရပြီး ရက်ပိုင်းအတွင်းမှာပဲ ထိုင်းကို ပြန်ရောက်လာကြတာဟာ မြန်မာပြည်တွင်းမှာ အသက်အန္တရာယ်လုံခြုံရေးအတွက် သူတို့ဘယ်လောက်စိုးရိမ်နေကြတယ်ဆိုတာ ဖော်ပြနေတယ်”ဟု ပြောသည်။
ထိုင်းနိုင်ငံသည် ၁၉၈၀ ပြည့်နှစ် နှစ်လယ်ပိုင်းကတည်းက ဒုက္ခသည်စခန်းကိုးခုတွင် မြန်မာနေရပ်စွန့်ခွာတိမ်းရှောင်နေသူ ၉၀၀၀၀ ခန့်ကို ခိုလှုံခွင့်ပေးခဲ့သည်။၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလက မြန်မာနိုင်ငံတွင်အာဏာရယူမှုများဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံသား ၄၅၀၀၀ ထက်မနည်း ထိုင်းနိုင်ငံဘက်ခြမ်းကို နေရပ်စွန့်ခွာ ထပ်မံတိမ်းရှောင်ရမှုများရှိခဲ့ကြောင်းသိရသည်။ ထိုင်းအစိုးရက အဆိုပါ ရောက်ရှိလာသူများကို နယ်စပ်အနီးရှိ တရားဝင်မဟုတ်သည့် ယာယီတဲများတွင် နေထိုင်ခွင့်ပြုခဲ့သော်လည်း မကြာခဏ မြန်မာနိုင်ငံဘက်ခြမ်းသို့ ပြန်ပို့ခဲ့ကြောင်းသိရသည်။
ထိုင်းအာဏာပိုင်များသည် ၎င်းတို့နိုင်ငံဘက်ခြမ်းသို့ အသစ်ရောက်ရှိလာသူများကို လက်ရှိဒုက္ခသည်စခန်းများသို့ ဝင်ရောက်ခွင့်မပြုဘဲ ထိုသူများအား ကူးသန်းသွားလာမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် ဝန်ဆောင်မှုများ မပေးဘဲ တင်းကြပ်စွာ ကန့်သတ်ထားကြောင်း HRW အဖွဲ့က ဖော်ပြထားသည်။ ကယားပြည်နယ်တွင် မကြာခဏဖြစ်ပွားလျက်ရှိသော လေကြောင်းတိုက်ခိုက်မှုများကြောင့် ဇူလိုင်လတွင် မြန်မာဒုက္ခသည် ၉၀၀၀ ခန့်သည် ထိုင်းနိုင်ငံ မယ်ဟောင်ဆိုင်ခရိုင်သို့ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ပြီး ထိုင်းအာဏာပိုင်များက ၎င်းတို့အား တရားဝင်မဟုတ်သည့် ယာယီတဲများတွင် နေထိုင်ခွင့်ပြုခဲ့ကြောင်းသိရသည်။
HRW ၏ အာရှဒါရိုက်တာ အယ်လီယာနီ ပီယာဆန်က “ထိုင်းအစိုးရအနေနဲ့ အသစ်ရောက်လာတဲ့မြန်မာဒုက္ခသည်တွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေရနိုင်အောင် ခွင့်ပြုပေးသင့်ပြီး အကာအကွယ်ရှာတဲ့သူတွေကို ကူညီပေးသင့်တယ်။ ထိုင်းအာဏာပိုင်တွေဟာ မြန်မာပြည်မှာအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတဲ့ နေရပ်စွန့်ခွာသူတွေကို ပြန်မပို့သင့်ဘူး”ဟုပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့မှု မိုးညှင်းမြို့၌ဖြစ်ပွားခဲ့
RELATED POSTS
08 Nov 2024 | အထွေထွေ,ပြည်တွင်း
08 Nov 2024 | အထွေထွေ,နိုင်ငံတကာ
31 Oct 2024 | အထွေထွေ,နိုင်ငံတကာ