ပူတာအိုမြို့နယ်ရှိ ဧက(၂၀၀၀)ခန့် ကျယ်ဝန်းသော နယ်မြေကို “ဂျူးဇီ ကြိုးပြင်ကာကွယ်တော” အဖြစ် သတ်မှတ်
စော (NSS) - အောက်တိုဘာ ၂၂
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ ဧက (၂၀၀၀) ခန့်ကျယ်ဝန်းသော နယ်မြေကို “ဂျူးဇီး ကြိုးပြင်ကာကွယ်တော”အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ယနေ့(အောက်တိုဘာ လ၂၂ ရက်)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
ဝန်ကြီးဌာနသည် မြစ်၊ ချောင်း၊ အင်း၊ အိုင်စသည့် ရေအရင်းအမြစ်နှင့် ရေဝေရေလဲ ဒေသများ ထိန်းသိမ်းရန်၊ ဂေဟစနစ် တည်ငြိမ်မှုရှိစေရန်၊ ပြည်သူများ၏ အခြေခံလိုအပ်ချက်ဖြစ်သော သစ်၊ ထင်း၊ ဝါးစသည့် သစ်တောထွက်ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရန်နှင့် ရာသီဥတုသာယာမျှတစေပြီး စိုက်ပျိုးရေးလုပ်ငန်းများကို အထောက်အကူပြုစေရန်အတွက် ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများကို သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေ ပုဒ်မ (၆)၊ ပုဒ်မခွဲ (င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ ဧရိယာအကျယ်အဝန်း (၂၀၀၀)ဧကရှိသော နယ်မြေကို “ဂျူးဇီး ကြိုးပြင်ကာကွယ်တော”အဖြစ် အောက်တိုဘာလ (၂၀)ရက်မှစ၍ သတ်မှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့သို့သတ်မှတ်ခြင်းအားဖြင့် ၎င်းဧရိယာအတွင်း ပေါက်ရောက်နေသည့် ထောက်ကြံ့၊ ယမနေ၊ ကညင်ဖြူစသည့် အဖိုးတန်သစ်မျိုးများနှင့် သတီ၊ ကြေးလံ၊ စကားဝါ၊ စကားစိမ်း၊ လောက်ယား၊ သစ်အယ်စသည့် သစ်မျိုးများကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မျိုးသုဉ်းပျောက်ကွယ်နိုင်သည့် အပင်မျိုးစိတ်များနှင့် တောရိုင်းတိရိစ္ဆာန်များအား ကာကွယ်နိုင်ခြင်း၊ နေထိုင်ကျက်စားလျက်ရှိသော တောင်ဆိတ်၊ ဝက်ဝံ၊ ဖြူ၊ မျောက်လွှဲ ကျော်(မျက်ခုံးဖြူ)၊ ချေ၊ ဆတ်၊ ပြောင်၊ သင်းခွေချပ်၊ တောဝက်၊ ရှူးပျံစသည့် တောရိုင်းတိရစ္ဆာန်များ၏ နေရာဒေသများတွင် တိုးပွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ နန်တဟူချောင်း အတွင်းစီးဝင်သည့်ချောင်းလက်တက်များ၏ ရေဝေရေလဲ ဧရိယာများအား ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး သစ်တောသယံဇာတများကို စနစ်တကျစီမံ အုပ်ချုပ်နိုင်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖားကန့်မြို့နယ်၌ ကျေးရွာရေတွင်းအနီးသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဆယ်ကျော်သက်အရွယ် အမျိုးသမီးတစ်ဦး သေဆုံး
RELATED POSTS
08 Nov 2024 | အထွေထွေ,ပြည်တွင်း
08 Nov 2024 | အထွေထွေ,နိုင်ငံတကာ
31 Oct 2024 | အထွေထွေ,နိုင်ငံတကာ